မော်လမြိုင် ၊ စက်တင်ဘာ (၂)

NLD အစိုးရလက်ထက်မှာ ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ လစာ၂ဆ ချေးငွေတွေကို ပြန်ဆပ်မှာ မဟုတ်ဘူးလို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေအား အဆိုပါ ချေးငွေကို ပြန်ဆပ်ဖို့ မော်လမြိုင်တက္ကသိုလ် အာဏာပိုင်တွေကတဆင့် စစ်ကောင်စီက ညွှန်ကြားခဲ့ပါတယ်။

CDM ဝန်ထမ်းတွေကတော့ လတ်တလော နိုင်ငံရေး အခြေအနေတွေကို လက်မခံနိုင်တဲ့အတွက် ချေးငွေပြန်ဆပ်ဖို့ စစ်ကောင်စီ ညွှန်ကြားချက်တွေကို လိုက်နာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အများစုကတော့ ပြန်မပေးကြဘူးပေါ့ဗျာ။ အဓိကက လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေက လက်ခံနိုင်စရာမရှိဘူး။ အဲ့ဒီအတွက် ပြန်ပေးဖို့တော့ အစီအစဉ်မရှိကြဘူး။ အားလုံးရဲ့သဘောထားမဟုတ်ပေမယ့် အများစုကတော့ အဲ့ဒီအတိုင်းပါဘဲ” လို့မော်လမြိုင်တက္ကသိုလ်က CDM လုပ်ထားတဲ့ ကထိကဆရာတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ဘဏ္ဍာရေးလိုအပ်ချက်တွေကြောင့် NLD အစိုးရလက်ထက်မှာ ထုတ်ချေးထားတဲ့ ချေးငွေတွေကို အမြန်ဆုံး ပြန်ဆပ်ပေးဖို့ ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.