မော်လမြိုင်၊ ဩဂုတ်၊ ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ Radio အစီအစဉ် ထုတ်လွှင့်ချက် အားလုံးကို ဖမ်းယူနားထောင်ပြီး အစီရင်ခံတင်ပြပေးဖို့ အာဏာသိမ်း စစ်ကောင်စီက လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

NUG အစိုးရဟာ ပြည်သူလူထုနဲ့ အဆက်အသွယ် မပျက်အောင် ဩဂုတ် ၂၀ ရက်နေ့ကစပြီး နံနက် ၈ နာရီ တစ်ကြိမ် ၊ ည ၈ နာရီ တစ်ကြိမ် ၊ တစ်ကြိမ်ကို မိနစ် ၃၀ အကြာ Radio စမ်းသပ် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက လက်အောက်ခံ ဌာနဆိုင်ရာတွေကို NUG အစိုးရရဲ့ Radio အစီအစဉ်ကို နေ့စဉ် နားထောင်ပြီး အစီရင်ခံစာ တင်ပြပေးဖို့ ဩဂုတ် ‌၂၀ ရက်နေ့မှာ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

“အဓိက ခရိုင်၊ မြို့နယ်အလိုက် ရုံးတွေက ဝန်ထမ်းတွေကို ဖမ်းယူနားထောင်ရရှိမှု အခြေအနေတွေကို နေ့စဉ်မပျက်မကွက် အစီရင်ခံတင်ပြပေးဖို့ ညွှန်ကြားထားတယ်။ စလွှင့်တဲ့နေ့က စပြီး ညွှန်ကြားထားတာပါ”လို့ Non CDM ဝန်ထမ်း တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက NUG အစိုးရရဲ့ ရေဒီယို ထုတ်လွှင့်မှုကို ဖမ်းယူနားထောင်နိုင်ဖို့ အခက်အခဲရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေအနေနဲ့ Radio တစ်လုံးစီ ဝယ်ယူကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ Radio အစီအစဉ်မှာ ပါဝင်ကူညီနေတဲ့သူတွေကို အရေးယူမယ်လို့ သြဂုတ် ၂၀ ရက်နေ့မှာ ခြိမ်းခြောက်စာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.