မော်လမြိုင်၊ သြဂုတ် ၂၁

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၁၇ ရက်နေ့ မှ ၂၀ ရက်နေ့ထိ ၄ ရက်အတွင်း တိုက်ပွဲအကြိမ် ၃၀ ဖြစ်ပွားခဲ့တယ်လို့ KNU သူးလေသတင်းစဉ်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၂၀ ဦး ကျဆုံးခဲ့သလို ဒဏ်ရာရသူ ၃ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်တွေဟာ KNU ထိန်းချုပ်နယ်မြေထဲကို စစ်အင်အားတိုးချဲ့ပြီး စစ်မျက်နှာပြင် ဖွင့်လှစ်လာလို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ နယ်မြေကို ကာကွယ်စောင့်ရှောက်နေတဲ့ KNLA နဲ့ KNDO တပ်ဖွဲ့တွေက ပြန်လည် ခုခံတိုက်ခိုက်ရတာလို့ ဆိုထားပါတယ်။

ဒါအပြင် KNU သထုံခရိုင် တပ်မဟာ ၁ ၊ တောင်ငူခရိုင် တပ်မဟာ ၂ နဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ တို့မှာလည်း စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပိုမို ပြုလုပ်လာလို့ မကြာခဏဆိုသလို အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာပါ။

စစ်ကောင်စီတပ်တွေဟာ မူတြော်ခရိုင်အတွင်းက ပြည်သူလူထု ထွက်ပြေးတိမ်းရှောင်တဲ့ နေရာတွေကို လေယာဉ်နဲ့ လာရောက်ရှာဖွေထောက်လှမ်းနေသလို ထွက်ပြေးတိမ်းရှောင်နေတဲ့ နေရာတွေနဲ့ လုပ်ငန်းခွင် အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.