မော်လမြိုင် ၊ ဩဂုတ် ၂၁

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အကျဥ်းထောင်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ဆေးကုသခွင့် မရခဲ့ဘူးလို့ အကျဥ်းထောင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။

ဆရာဝန်ဖြစ်တဲ့ ဒေါက်တာအေးဇံဟာ မိမိဘာသာ ဆေးကုသမှုကို ပြုလုပ်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပြန်လည် သက်သာလာပြီးလို့ ဆိုပါတယ်။

“ဝန်ကြီးချုပ် ကျန်းမာရေးကတော့ ဟိုတလောကတော့ ဖျားသွားတယ်၊ ဒီအချိန်ကတော့ ကိုဗစ်ပဲပေါ့ အဲ့လိုတော့ ပြောရမှာပေါ့၊ ကိုဗစ် ပုံစံမျိုး ဖြစ်တာပေါ့၊ ဒါပေမယ့် ဆေးရုံတွေ ဘာတွေတော့ တက်ခွင့် မရလိုက်ဘူးပေါ့၊ ဝန်ကြီးချုပ်က စိတ်မာတော့ သူဘာသာသူ ပြန်ကုပြီး အားရှိအောင် ပြန်စားပြီးတော့ သက်သာလာတာပေါ့၊ အခုတော့ သက်သာသွားပြီးပေါ့”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံနည်းတူ ပြည်နယ်အတွင်းက အကျဥ်းသား (၁၀၀)ကျော်လည်း ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

ဒါပေမယ့် မွန်ပြည်နယ် အကျဥ်းဦးစီးဌာန တာဝန်ရှိသူတွေကတော့ အကျဥ်းထောင်တွေမှာ ကိုဗစ် ကူးစက်ခံရသူ လုံးဝ မရှိဘူးလို့ ငြင်းဆိုပါတယ်။

“ဝန်ကြီးချုပ်က ကျန်းမာရေး ကောင်းပါတယ်၊ ကျန်းကျန်း မာမာ ပါပဲခင်ဗျ၊ မကျန်းမာရင် ဆေးရုံထုတ် ရမှာပေါ့ဗျ၊ သူတို့ကတော့ အရေးကြီးတဲ့ သူပဲ၊ ကျန်းမာရေး ကောင်းလို့ ဘာမှမဖြစ်ဘူး၊ အေးဆေး ဖြစ်တာပေါ့၊ ကျန်းမာပါတယ်၊ ဘာမှမဖြစ်ပါဘူး၊ အေးဆေးပါပဲ”လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။

လက်ရှိအချိန်ထိ မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီး ထားသူတွေကို ရုံးထုတ်စစ်ဆေးတာမျိုး မရှိဘဲ အကျဥ်းထောင်တွေမှာ ချုပ်နှောင်ထားတာ (၅)လ ကျော်ပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဆီး ထားသလို ထပ်တိုး အမှုအနေဖြင့် အဂလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုဖွင့် ထားပြီး ကျိုက်မရော ဗဟို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားပါတယ် ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.