မော်လမြိုင် ၊ ဇန်နဝါရီ (၁၅)

မွန်အမျိုးသားစာသင်ကျောင်းက ဆရာ ဆရာမတွေကို လစာထောက်ပံ့ပေးနိုင်ဖို့ ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းထားတယ်လို့ မွန်ပြည်နယ်လွှတ်တော် တိုင်ရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ထူးက ပြောပါတယ်။

အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ အဓိက ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ ဆရာမတွေရဲ့လစာအပါအဝင် ရုံးဝန်ထမ်းလစာ၊ ကျောင်းတည်ဆောက်ပြုပြင်တာတွေအတွက် နှစ်စဉ် ကျပ်သန်းနှစ်ထောင်ခန့် ကျခံ သုံးစွဲနေရပါတယ်။

ဒီလိုအ‌ခြေအနေတွေကြောင့် မွန်ပြည်နယ်တိုင်းရင်းသားရေးရာကော်မတီအနေနဲ့ တိုင်းရင်းသား အမျိုးသားပညာရေးကျောင်း‌တွေရဲ့လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ တင်ပြဆွေးနွေး ခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ မွန်အမျိုးသားကျောင်း ဆရာဆရာမတွေရဲ့ လစာကို ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးဖို့နဲ့ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းတွေကို ပံ့ပိုးပေးဖို့ တင်ပြဆွေးနွေးခဲ့တယ်လို့ မွန်ပြည်နယ် တိုင်းရင်းသားရေးရာကော်မတီဥက္ကဌ ဦးဇော်ဇော်ထူးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးပွဲမှာတော့ ကျွန်တော်တို့ဘက်က တင်ပြခဲ့တာတွေရှိတယ်၊ တိုင်းရင်းသားအမျိုးသားစာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကနေပြီး ဘယ်လိုထောက်ပံ့နိုင်မလဲ။ ဆရာ/ဆရာမတွေရဲ့ လစာအပြည့်စကေး၊ စာသင်ကျောင်းရဲ့လိုအပ်တဲ့ပစ္စည်းတွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ ထောက်ပံ့ပေးဖို့ ဆွေးနွေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အစည်းအဝေးပွဲဆွေးနွေးပွဲရလဒ်ကလည်း ရက်ပိုင်းပဲ ရှိသေးတဲ့အခါကျတော့ ရလဒ်တွေက မထွက်လာနိုင်သေးဘူး၊ တင်ပြနိုင်ခြင်းပဲ ရှိသေးတယ်၊ တိုက်ရိုက်ဆွေးနွေးခြင်းဖြစ်တဲ့အတွက် နောက်ပိုင်းဘက်ဂျက်တွေမှာ ပါလာမယ်”လို့ ဆိုပါတယ်။

အဲဒီအပြင် ပြည်ထောင်စုအစိုးရအနေနဲ့ လည်း ပြည်နယ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံးကို တန်းတူညီမျှ ထောက်ပံ့ပေးဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအရေးတွေမှာ ပြည်နယ်အစိုးရအနေနဲ့ စီမံပိုင်ခွင့်ရှိအောင် အာဏာခွဲဝေပေးသင့်တယ်လို့ ဦးဇော်ဇော်ထူးက သုံးသပ်ထားပါတယ်။

“ပြည်ထောင်စုက ထောက်ပံ့နိုင်တဲ့ ဘက်ဂျက်လိုငွေရဲ့ ပမာဏအရတော့ အပြည့်အဝလုပ်ဆောင်နိုင်တာတွေတော့ မရှိဘူး။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင် အားလုံးကို “ကျောသားရင်သား” မခွဲခြားပဲ လုပ်ဆောင်သင့်တယ်မြင်တယ်။(တိုင်းရင်းသားကိစ္စ)နဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေနဲ့ ဘာလုပ်ပေးသင့်လည်းဆိုတော့ တချို့ဟာတွေပေါ့နော် ဒီပြည်နယ်အစိုးရကို အာဏာခွဲဝေပေးသင့်တယ်လို့ မြင်တယ်၊ စီမံပိုင်ခွင့်ရှိအောင်ပေါ့၊ အဲလိုမြင်တယ်”လို့ ဆိုပါတယ်။

မွန်အမျိုးသားပညာရေးကော်မတီကတော့ မွန်အမျိုးသားကျောင်းတွေက ဆရာ၊ ဆရာမတွေကိုထောက်ပံ့ပေးဖို့ကို ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကတဆင့် အစိုးရထံ တင်ပြခဲ့ပေမယ့် ဆိုင်းငံ့ခံခဲ့ရတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီ မွန်ပညာရေးအစီအစဉ်ညှိနှိုင်းရေးမှူး မင်းအောင်ဇေက ပြောဆိုထားပါတယ်။

၁၉၇၂ ခုနှစ်ကစလို့ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ဒေသန္တရအဖွဲ့အစည်းပိုင်ကျောင်းပုံစံနဲ့ ဖွင့်လှစ်ထားတဲ့ မွန်အမျိုးသားကျောင်းပေါင်း(၁၃၃)ကျောင်းရှိပြီး  ဆရာဆရာမ (၇၀၀) ကျော်နဲ့ ကျောင်းသူကျောင်းသား တစ်သိန်းကျော်က နှစ်စဉ် ပညာသင်ကြားနေကြပါတယ်။

သတင်း- နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.