မော်လမြိုင် ၊ ဩဂုတ် (၄)
ဩဂုတ်လ (၄) ရက်နေ့အထိ မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း လျှောက်လွှာတင်သူ (၁၄၄) ဦး ရှိပြီးဖြစ်တယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။
ကိုယ်စားလှယ်လောင်းအမည်စာရင်းလျှောက်လွှာကို ဇူလိုင်လ (၂၀) ရက်နေ့တည်းက စတင်လက်ခံနေတာဖြစ်ပြီး ဩဂုတ်လ (၇) ရက် နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပါတယ်။
ဒီလို တင်သွင်းရာမှာတော့ ပြည်သူ့လွှတ်တော် (၃၁) ဦး ၊ အမျိုးသားလွှတ်တော် (၄၂) ဦး ၊ ပြည်နယ်လွှတ်တော်က (၆၁) ဦး၊နဲ့ တိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်အတွက် (၁၀) ဦး တင်သွင်းထားတယ်လို့ ဆိုပါတယ်။
“ပြည်နယ်အတွင်းက ပါတီတွေ လာတင်တာရှိတယ် ပြည်နယ်တွင်း မဟုတ်ဘဲ အခြားနေရာမှာ ရုံးစိုက်တဲ့ ပါတီတွေလည်း ပါတယ်။တစ်သီးပုဂ္ဂလ လာတင်တာတွေလည်း ရှိပါတယ်”လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်း အမည်စာရင်း ပြန်လည်ရုတ်သိမ်းလိုရင်တော့ ဩဂုတ်လ (၁၀) ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရမှာ ဖြစ်ပြီး လက်ရှိမှာတော့ သထုံခရိုင်ရုံးမှာ အမျိုးသားလွှတ်တော် အတွက် အမည်စာရင်းတင်ထားသူတစ်ဦး ပြန်လည် ရုတ်သိမ်းသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်မှာတော့ မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီ (၁၈) ခုကနေ ကိုယ်စားလှယ်လောင်း (၂၇၉) ဦးကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်