ရေး ၊ ဖေဖေါ်ဝါရီ ၂၄

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ်သို့ ဓာတ်အားလိုင်းသွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံဆောက်လုပ်ခြင်းအတွက် ရံပုံငွေကျပ်သန်းပေါင်း ၁၂၇၄ သန်းထည့်သွင်းလျာထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့တွင် ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက လျှပ်စစ်မီးကို ဈေးနှုန်းကြီးမြင့်စွာဝယ်ယူသုံးစွဲနေရသော ရေးမြို့နယ်အတွင်းရှိ ပြည်သူများကို မဟာဓာတ်အားလိုင်းမရောက်ရှိသေးမီစပ်ကြား ကုန်ကျစရိတ်အထိုက်အလျောက်သက်သာမှုရှိစေရန် နိုင်ငံတော်မှ မည်ကဲ့သို့ယာယီထောက်ပံ့ကူညီမှုပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စီစဉ်ဆောင်ရွက်လျှက်ရှိသော မဟာဓာတ်အားလိုင်းစီမံကိန်းသည် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ရေးမြို့နယ်သို့ရောက်ရှိမည်ကို သိရှိလိုခြင်းနဲ့ပတ်သက်သော ကြယ်ပွင့်ပြမေးခွန်းကို ဒုတိယဝန်ကြီးကဖြေကြားခဲ့ခြင်းဖြစ်သည်။

” သံဖြူဇရပ်မှသည် ရေးသို့ နောက်ထပ် ၆၆ ကေဗွီဓာတ်အားလိုင်း မိုင် ၆၀ နဲ့ ရေးမြို့နယ်မှာ ၆၆/၁၁ ကေဗွီ 5 MBA ရေးဓာတ်အားခွဲရုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအတွင်းမှာ ရန်ပုံငွေကျပ်သန်းပေါင်း ၁၂၇၄ သန်းခန့်ကို ထည့်သွင်းလျာထားတင်ပြပြီး ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ တည်ဆောက်ရေးကာလက ၂ နှစ်ခန့်အချိန်ယူရမှာဖြစ်တဲ့အတွက်ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာ မဟာဓာတ်အားလိုင်းကနေ ရေးမြို့နယ်ကို စတင်ဓာတ်အားရောက်ရှိအောင် ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးနေတာလေးကို တင်ပြလိုပါတယ် ” ဟု ဒေါက်တာထွန်းနိုင်က ဖြေကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ” မြန်မာနိုင်ငံရဲ့လျှပ်စစ်မီးလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ မဟာဓာတ်အားလိုင်းမရောက်သေးတဲ့မြို့နယ်တွေအတွက် လျှပ်စစ်ဝန်ကြီးဌာနက စက်ဝယ်ပေး၊ ဆီဝယ်ပေး၊ ယူနစ်ဈေးကို အများနည်းတူသုံးနိုင်အောင် အရှုံးခံပေးနေပေမယ့် ကျွန်တော်တို့ရေးမှာသာ ဘာမှမပေးတဲ့အပြင် ကိုယ့်ဟာကိုယ့်ရုန်းနေတဲ့ သူတွေဆီကတောင် တစ်ယူနစ် ၁၀ နှုန်းနဲ့ ဝန်ကြီးဌာနက ကောက်ခံလိုက်ပါသေးတယ်။ တစ်နိုင်ငံလုံးကအရှုံးပြနေတဲ့ လျှပ်စစ်ဌာနကတော့ ရေးမှာ တစ်နှစ် ၂၅ သန်းလောက်တော့ ကိုက်နေပါတယ်။ ၂၀၁၇-၁၈ မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဦးစီးဌာနက စက်လည်ရန်လောင်စာဝယ်ယူခြင်းခေါင်းစဉ်အောက်မှာ ကျပ်သန်းပေါင်း တစ်သန်းတစ်သိန်းကျော် ဘီလီယံနဲ့ဆိုရင် တစ်ထောင့်တစ်ရာဘီလီယံသုံးစွဲထားတာတွေ့ရပါတယ်၊ အဲဒီကုန်ကြမ်းဆိုတာ ဒီဇယ်ဆီတို့လို လောင်စာဆီကိုပြောတာဖြစ်ပါတယ်။ ဒီထဲမှာ ရေးမြို့မီးလင်းဖို့အတွက် မပါတာကတော့ သေချာပါတယ်။ တကယ်လို့ ဒီထဲက စက်လည်ဖို့ ဆီခွဲပေးမယ်ဆိုရင်တော့ မီတာခ အတိုင်းအတာတစ်ခုအထိ ကျလာမှာဖြစ်လို့ ဒီနည်းနဲ့ ကူညီပေးနိုင်မလား၊ ဒါမှမဟုတ် အခြားဘယ်လိုနည်းနဲ့များ မဟာဓာတ်အားလိုင်းမရောက်ခင်စပ်ကြား ကူညီဖြေရှင်းပေးနိုင်မလဲဆိုတာကို မေးမြန်းခြင်းဖြစ်ပါတယ် ” ဟု လွှတ်တော်တွင် မေးမြန်းခဲ့သည်။

မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း ၂၃၀ ကေဗွီခွဲရုံကြီး ၂ ရုံတည်ဆောက်ရန်လိုအပ်သော အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေကို အာရှဖွံ့ဖြိုးရေးဘဏ်မှချေးယူနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်အတွင်း လွှတ်တော်ကိုတင်ပြအတည်ပြုချက်ရယူဆောင်ရွက်မှာဖြစ်ကြောင်း၊ ထို့အတွက် ချေးငွေရယူမည့်အစီအစဉ်အား လွှတ်တော်ထံ မိမိတို့ဝန်ကြီးဌာနမှတင်ပြလာသည့်အခါ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံမဲအပြည့်၊ ကန့်ကွက်မဲဇီးရိုးဖြင့် အတည်ပြုပေးနိုင်ရန်တင်ပြပါကြောင်းလည်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

” သံဖြူဇရပ်မှသည် ရေးကိုတည်ဆောက်လာတဲ့ ၆၆ ကေဗွီလိုင်းရဲ့အထွက်ကနေပြီးတော့ နောက်ထပ် မိုင်ဝက်ခန့်ကိုတည်ဆောက်ကာ မိုင်ဝက်မှသည် အနင်းကျေးရွာမှာ ၆၆/၁၁ ကေဗွီ 5 MBA ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာလည်းကောင်း၊ လမိုင်းမြို့မှာအတွက်ကို ၆၆ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင်နဲ့ ၆၆/၁၁ 10 MBA ကေဗွီဓာတ်အားခွဲရုံတစ်ရုံကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာလည်းကောင်း၊ ရေးမြို့မှာ ၆၆ ကေဗွီဓာတ်အားခွဲရုံမှနေပြီးတော့ ခေါဇာမြို့ကို ၆၆ ကေဗွီဓာတ်အားလိုင်း ၁၈ မိုင်နဲ့ ခေါဇာမြို့မှာ ၆၆/၁၁ 10 MBA ကေဗွီဓာတ်အားခွဲရုံတစ်ရုံကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာလည်းကောင်း တည်ဆောက်ဖို့အတွက်ကို ဝန်ကြီးဌာနရဲ့ ငါးနှစ်စီမံကိန်းမှာ ထည့်သွင်းလျာထားပြီး နှစ်အလိုက် ဘတ်ဂျက်များကို လျာထားတင်ပြတောင်းခံကာ ရရှိမှုအရ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ” ဟု ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ရေးမြို့နယ်သည် မွန်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရရှိသေးသည့် တစ်ခုတည်းသောမြို့နယ်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များကထုတ်လွှတ်သော လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ၄၅၀ မှ ၅၅၀ ကျပ်အထိ သုံးစွဲနေရကာ လာမည့် ဧပြီလခန့်မှစတင်ကာ FO လောင်စာဖြင့်လည်ပတ်မည့် လျှပ်စစ်ဓာတ်အားကို လက်ရှိဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော မြတ်သူရကုမ္ပဏီအပြင် ဘီတော့ကုမ္ပဏီ၊ အရှေ့တောင်အထွေထွေလျှပ်စစ်နှင့်စွမ်းအင်ကုမ္ပဏီတု့ိက မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်းကာ တစ်ယူနစ်လျှင် ၂၀၀ နှင့် ၃၀၀ ကျပ်ကြား ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။ ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.