ရေဖြူ၊ စက်တင်ဘာ ၈

၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး (၅) ရက်အကြာ စက်တင်ဘာ (၈) မွန်းလွဲပိုင်းက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှသိရသည်။

“ပစ်ခတ်မှုဖြစ်ပွားတယ်ဆိုတဲ့ သတင်းက သေချာပါတယ်။ ဖြစ်တဲ့နေရာက သဲချောင်းကျေးရွာမှာပဲ ဖြစ်ပါတယ်” ဟု KNU ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ဦးဝင်းခိုင်ကပြောပါသည်။

၄၀ မမ ဒုံးပစ်လောင်ချာများဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အချိန်အနည်းငယ်ကြာမြင့်ခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၈ရက် မွန်လွဲ ၁နာရီကျော် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး ကနဦးသတင်းအရထိခိုက်မှုမရှိကြောင်းနှင့် ၎င်းတို့အချင်းချင်းကြားတွင် ပြဿနာမကြီးထွားစေရန် ပစ်ခတ်မှုနှင့်ပတ်သက်၍ လတ်တလောတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကော်မတီ(UPDJC)မှ ဦးလှမောင်ရွှေ၊တနသာၤရီတိုင်း နယ်လုံဝန်ကြီး၊ ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMCတို့ကို အသိပေးအကြောင်းကြားထားကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ရှင်းပြပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သံလွင်တိုင်းမ်အနေနှင့် သီးခြားအတည်ပြု ရယူနိုင်ခြင်း မရှိသေးသော်လည်း အငြင်းပွားဖွယ် ရှိသည့် နယ်မြေစိုးမိုးမှုကြောင့် ဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

“နယ်မြေအုပ်ချုပ်ရေးကိစ္စနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေဆဲဖြစ်တယ် မပြီးပြတ်သေးတာလည်းပါတယ်လေ။ အခုဖြစ်တာကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်သွားတာလည်း မဟုတ်ပါဘူး” ဟု သူက ဆက်ရှင်းပြပါသည်။

ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု အရှေ့ဘက်ခြမ်းသည် မွန်ပြည်သစ်ပါတီပါတီ သြဇာသက်ရောက်သည့်နယ်မြေ ဖြစ်ပြီး၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လှုပ်ရှားရာနယ်မြေနှင့်လည်း ထိစပ်လျက် ရှိသည့်ဒေသတစ်ခု ဖြစ်သည်။

KNU အနေနှင့် အစိုးရနှင့် အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီ ဖြစ်သည့်အတွက် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ပြန်လည်လှုပ်ရှားသွားမည် ဖြစ်ကြောင်းကို KNU ၏ လယ်ဒိုစိုးမြို့နယ် (ရေဖြူမြို့နယ်) အတွင်းရေးမှူး စောဆီဆိက လက်မှတ်ရေးထိုးကာ ထိုဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် အသိပေးစာများကို ပေးပို့ခဲ့သည်။

အလားတူ ရေးချောင်းဖျားဒေသတွင် ယခုနှစ်၌ မွန်ပြည်သစ်ပါတီက သစ်ထုတ်လုပ်မှု ရပ်နားခဲ့ပြီး၊ KNU တပ်ဖွဲ့ဝင် အချို့က ထုတ်ယူပြီသည့် သစ်များကို ရေးမြို့သို့ သယ်ယူခွင့် မပြုသည့်အတွက် သြဂုတ်လအတွင်း နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး၊ ရေးချောင်းဖျားဒေသ မရမ်းချောင်းတံတားထိပ်တွင် KNU ဘက်မှ ၎င်းတို့၏ ဂိတ်စခန်း လာရောက်ချထားလျက် ရှိသည်။

“ကျွန်တော်တို့စိုးရိမ်တာက ဒီညနဲ့ မနက်ဖြန်ပေါ့၊ အရင်ကလဲ သွားလာလှုပ်ရှားနေတဲ့နေရာပဲ၊ ခုက အကြောင်းမကြားလို့ပါ။ သူတို့ကလဲ စာတစ်ရွက်ထုတ်ထားတာရှိတယ်။ ဒီဒေသက အရင်က သူတို့ဒေသပဲ၊ ကျွန်တော်တို့က တောင်းပြီးလာနေထားတယ်။ ထွက်သွားပေးရမယ်ဆိုတဲ့သဘောပေါ့” ဟု အမည်မဖော်လိုသည့် မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦးကပြောပါသည်။

၂၀၁၅ခု အောက်တိုဘာ ၁၅ရက်တွင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့တို့က အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် မွန်ပြည်သစ်အပါအဝင် (NCA)မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ရှိသည်။

သတင်း – ချမ်းစွန်း၊ ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.