ဘီးလင်းမှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦးဒဏ်ရာရ

0
18

ဘီးလင်း၊ ဧပြီ ၂၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဘီးလင်းနဲ့သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ၇ လုံးထက်မနည်း ပစ်ခတ်ရာကနေ မရမ်းကုန်းကျေးရွာထဲ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေဖြစ်တဲ့ စောမိုးသူနဲ့ တီးမောင်သိန်းမြင့်တို့မှာ ခြေထောက်နဲ့လက်တွေမှာ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုအတွင်း မရမ်းကုန်းကျေးရွာနေ ဖီးရှမ်းမ၊ နော်မိအေး၊ ယားမြသန်း၊ နော်အေးစိုးအပါအဝင် ဒေသခံပြည်သူ ၈ ဦးရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မရမ်းကုန်းကျေးရွာထဲကို ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၄ အမြောက်တပ်နဲ့ သထုံအခြေစိုက်အမှတ် ၉ ခြေမြန်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း သထုံမြို့နယ် မင်းလွင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံဦးရဲဝင်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.