“တရားမဝင်နည်းနဲ့ရော၊ တရားဝင်နည်းနဲ့ရော ထိုင်းနိုင်ငံမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အဲဒီ လောက် မကောင်းတဲ့အတွက် မလာပါနဲ့ဆိုတဲ့ စကားလုံးကိုသုံးဖို့လည်း အင်မတန်အခက်အခဲရှိပါတယ်။ ပြည်တွင်းမှာ အကျပ်တည်းတွေ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အတွက် လူငယ်တွေအနေနဲ့ ပြည်ပကို ထွက်ခွာဖို့ အားသန်နေကြတယ်။ သို့သော်……”

0
174

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံက လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေကနေ အလုံးအရင်းနဲ့ ဝင်ရောက်တာတွေ ရှိနေပါတယ်။  အခုလို အခြေအနေကြောင့် ထိုင်း နိုင်ငံထဲ တရားမဝင်လမ်းကြောင်းတွေမှတဆင့် ဝင်ရောက်လာသူတွေကို အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီး ချုပ်က သတိပေးပြောဆိုထားပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်က အရေးယူဆောင်ရွက်သွားမယ့် အခြေ အနေတွေ၊ ဖမ်းဆီးခံရသူတွေကို နေရပ်ပြန်ပို့နိုင်လား။ ဘယ်လိုအကျိုးဆက်တွေ ဆက်ဖြစ်နိုင်လဲ။ ဒီအခြေအ နေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့ တာဝန်ရှိသူ ဦးအောင် ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – ထိုင်းဝန်ကြီးချုပ်က တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူဆောင်ရွက် မယ်လို့ ပြောသွားတာရှိပါတယ်။ အဲဒီပြောဆိုချက်အပေါ် အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါလဲ။

ဦးအောင်ကျော် – ဒါကတော့ ကျွန်တော်တို့အတွက် စိတ်ပူစရာကောင်းတဲ့ လက္ခဏာပေါ့။ ဘာကြောင့်လဲဆို တော့ လက်ရှိမြန်မာနိုင်ငံရေးမှာ အကျပ်အတည်း၊ အခက်အခဲတွေ တအားဖြစ်နေတယ်။ နောက်လူငယ်၊ လူရွယ်တွေကလည်း လက်ရှိစစ်ကောင်စီက ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကလည်း အသက်သွင်းနေပြီဆို တော့ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေဟာ တရားဝင်နည်းလမ်းနဲ့ ပြည်ပနိုင်ငံကိုထွက်ဖို့ ပြင်ဆင်နေကြတယ်။ အဲဒီ တရားဝင်ထွက်မယ့် လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့တားဆီးနေတဲ့အခါမှာ ရရာနည်းလမ်းနဲ့ ထွက်မယ့် လက္ခဏာတွေကို ကျွန်တော်တို့ ကြုံတွေ့နေရတယ်။ အခုထိုင်းဝန်ကြီးချုပ်ကလည်း သူ့နိုင်ငံတွင်းထဲ နိုင်ငံတော် လုံခြုံရေးအရ နယ်စပ်ထွက်ပေါက်တွေကနေ တရားမဝင်ဖြတ်ကျော်လာတာတွေအားလုံး ထိရောက်စွာ စုံစမ်း အရေးယူဖော်ထုတ်မယ်လို့ သတင်းတွေထွက်နေတဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ လူငယ်မျိုးဆက် သစ်တွေအတွက် အလှမ်းဝေးနေတယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။

သံလွင်တိုင်းမ် – ထိုင်းဝန်ကြီးချုပ်ပြောသွားတဲ့ ဖမ်းဆီးအရေးယူဆောင်ရွက်မှု နောက်ဆက်တွဲဘာတွေဆက် ဖြစ်နိုင်မလဲ။

ဦးအောင်ကျော် – လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ဟိုယခင်နှစ်တွေကလိုပဲ ဒီထဲကိုရောက်ရှိလာတဲ့ ပုဂ္ဂိုလ်တွေအားလုံး နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်တွေ ထုတ်ပေးပြီးမှ ကူညီတာမျိုး ဆိုရင်တော့ ကျွန်တော် တို့အတွက် ဝမ်းသာစရာကောင်းတဲ့ လက္ခဏာပေါ့။ အဲဒီလိုမဟုတ်ဘဲ သူ့နှုတ်ကထွက်လာတဲ့အတိုင်း နိုင်ငံတော် လုံခြုံရေးအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုရင်တော့ ကျွန်တော်တို့လူငယ်တွေ ဖမ်းဆီးနိုင်တဲ့အတွက် သတ်မှတ်ပြစ်မှုပြစ်ဒဏ်တွေချမှတ်ပြီး နေရပ်ပြန်ပို့မယ်ဆိုရင်တော့ စိတ်ပူစရာကောင်းနေပြီလို့ သတ်မှတ် ပါ တယ်။

သံလွင်တိုင်းမ် – ထိုင်းဝန်ကြီးချုပ်ပြောပုံအရ တကယ်ပဲအရေးယူနိုင်လား၊ အရေးယူပြီးတော့ နေရပ်ပြန်ပို့နိုင် ခြေရှိလား။

ဦးအောင်ကျော် – ဒါတော့ပြောရခက်တယ်။ သူ့အနေနဲ့လည်း အဟန့်အတားအနေနဲ့များ လှမ်းပြောလိုက်တာ များလား။ ဘာလို့လဲဆိုတော့ ၂၀၂၁ နောက်ပိုင်း အားလုံးသိတဲ့အတိုင်းပဲ သိန်းနဲ့ချီပြီး ထွက်ပြေးလာတဲ့ လူတွေ အားလုံး ဒီမှာရောက်နေတယ်။ ဒါကိုလည်း သူသိသိကြီးနဲ့ နောက်ဆုံးကျတော့ ထိုင်းနိုင်ငံကို အကြောင်းကြောင်း ကြောင့် ရောက်လာတဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုအလုပ်သမားများအား အ ထောက်ထားများ၊ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် လက်မှတ်များ ထုတ်ပေးမယ်ဆိုပြီး သူလုပ်ပေးလိုက်တာလည်း ရှိတယ်ဆိုတော့  အလုံးအရင်း ဝင်မလာအောင် ဟန့်တားချင်တာများလားလို့လည်း တွေးစရာလေးတွေ ရှိတာ ပေါ့။ တကယ်ထိထိရောက်ရောက် လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံသားတွေအတွက် ကြီးလေးတဲ့ ဒုက္ခ မျိုးစုံ ခံစားရမယ်လို့ မြင်တွေ့နေရပါတယ်။

သံလွင်တိုင်းမ် – ထိုင်းဘက်က အရေးယူမယ်လို့ ပြောပြီးတဲ့နောက် ရှေ့ဆက်ပြီးတော့ နယ်စပ်တွေမှာ လုံခြုံရေး တွေ တင်းကျပ်နိုင်လား၊ ထိုင်းပြည်တွင်း ဘန်ကောက်တွေမှာရော သူတို့လိုက်လံဖမ်းဆီးမှုတွေ ရှိလာနိုင်မလား။ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်ကျော် – လက်ရှိအနေအထားကတော့ နူတ်ကထုတ်ဖော်ပြောကြားသလိုမျိုး လုပ်ဆောင် တာတွေ တော့ မတွေ့ရသေးဘူး။ သို့သော်နိုင်ငံတိုင်း  နိုင်ငံတိုင်းလုပ်ဆောင်တဲ့ မိမိနိုင်ငံရဲ့ နယ်နိမိတ်တွေကိုတော့ လုံခြုံရေးတွေ ချထားတာတော့ ရှိပါတယ်။

သံလွင်တိုင်းမ် – စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲကို လူငယ်တွေအများအပြား ရောက်ရှိလာတယ်ပေါ့နော်။ သတင်းထဲမှာလည်း အခုတလော တော်တော်များများ ဖမ်းခံရတယ်။ တရားမဝင်ဝင်ရောက်မှုအခြေအနေ နောက်ဆက်တွဲ ဘယ်လိုတွေ့နေရလဲ။

ဦးအောင်ကျော် – ပြည်တွင်းမှာလည်း ကျွန်တော်တို့ ကြားနေရတာတွေတော့ တော်တော်စိတ်ပူပန်စရာ ကောင်း တယ် ။(ဥပမာ) အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး လုပ်ငန်းခွင်မှာ အလုပ်ပြီးဆုံးလို့ အိမ်အပြန်လမ်းမှာ ဖမ်းဆီးနေ တယ်လို့ ကြားရတာတွေရှိတော့ စိတ်မကောင်း ဖြစ်ရတယ်။ အဲဒီသတင်းတွေ ပြည်တွင်းမှာ ထွက်ပေါ်လာတာနဲ့ အမျှ ပြည်ပနိုင်ငံတွေကိုထွက်ဖို့ တာဆူနေတာတွေ အများကြီးတွေ့ရတယ်။ တချို့ကတော့ မှန်မှန်ကန်ကန် တ ရားဝင်လမ်းကြောင်းနဲ့ လာဖို့စီစဉ်ထားပေမဲ့ သို့သော် တရားဝင်လမ်းကြောင်းကို ပိတ်ဆို့ ဟန့်တားတာ လုပ်လာ တာဆိုတော့ တနေ့ကထိုင်းသံရုံးမှာ လူတွေထောင်နဲ့ချီပြီးတော့မှ အလည်အပတ် visa နဲ့ ပြည်ပထွက်ခွာဖို့ လျှောက်တဲ့ကိစ္စတွေလည်း ရှိတယ်။ ထိုင်းသံရုံးက လူတွေများလာလို့ တစ်ရက်ကို လူလေးရာပဲ လက်ခံမယ်လို့ လုပ်ထားတော့ တရားဝင်သွားရောက်မယ့်လူတွေ အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် တရားမဝင် နည်းလမ်း ကို တွန်းပို့တယ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ဘယ်လို မျိုးအကြံပြုချင်တာရှိလဲ။ 

ဦးအောင်ကျော် – ဒါနဲ့ပတ်သက်ပြီး တော်တော်စိတ်မကောင်းဘူး။ တရားမဝင်နည်းနဲ့ရော၊ တရားဝင်နည်းနဲ့ရော ထိုင်းနိုင်ငံမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အဲဒီလောက် မကောင်းတဲ့အတွက် မလာပါနဲ့ဆိုတဲ့ စကား လုံးကိုသုံးဖို့လည်း အင်မတန်အခက်အခဲ ရှိပါတယ်။ ပြည်တွင်းမှာ အကျပ်တည်းတွေ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အတွက် လူငယ်တွေအနေနဲ့ ပြည်ပကိုထွက်ခွာဖို့ အားသန်နေကြတယ်။ သို့သော် ကျွန်တော့်အနေနဲ့ ပြောချင်တာက အခုအချိန်မှာ ထိုင်းနိုင်ငံက တရားမဝင် အလုပ်သမားတွေကို တရားဝင်အောင် စာရွက်စာတမ်း တွေ ပြုလုပ်ပေးတဲ့ အချိန်လည်းမဟုတ်ဘူး။ ပြီးတော့ လောလောဆယ် ကြားနေရတာက မြန်မာပွဲစားတွေရဲ့ အခွင့်ကောင်းယူတာပေါ့ဗျာ။ မြန်မာပြည်တွင်းမှာရှိတဲ့ လူငယ်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်ကိုရမယ်။ တရား ဝင်နေထိုင်ခွင့် အစိုးရအသိအမှတ်ပြု လက်မှတ်တွေကိုလည်း ရရမယ်။ အဲဒီအတွက် ပိုက်ဆံပေးရမယ်လို့ လိမ် လည်တာတွေ ကြားရတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့်ရတဲ့ လက်မှတ်တွေအတွက်  လုပ်ပေးတဲ့ အချိန်ကာလ ပြီးမြောက်သွားပြီဖြစ်တဲ့အတွက် ဘာမှလုပ်လို့မရတဲ့အတွက် အလိမ်ခံရပြီး ငွေလည်းကုန်၊ လူ လည်း အန္တရာယ်ဖြစ်မှာ စိုးရိမ်တာကြောင့် အရာရာကို လေ့လာစုံစမ်း တိကျမှန်ကန်ပြီးမှ ဘယ်လိုအနေအထား မျိူးလဲ စဉ်းစားလုပ်ကိုင်ကြပါလို့ ပြောလိုပါတယ်။ မလာပါနဲ့ လာပါဆိုတဲ့စကားလုံးကိုတော့ အကြံပြု ဖို့ ခက်ခဲပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.