ကျွန်တော် သိသလောက် မော်လမြိုင်မြို့ ဂီတလောက နှစ် ၅၀ ခရီး

0
11382

ဂီတမှူး – ဘဏ်စိုး(မော်လမြိုင်)

မမတို့ မော်ရွှေမြိုင် တေးရေး – ဂီတလုင် မောင်မောင်ကို
တေးဆို – မမြင့်မြင့်ကြူ
Intro

1 11 6 66 2 22 5 55 :
35 61 65 35 01 65 3 55 6 65 65 6 06 12 3 26 1 63 5
ပျော်ရွှင်ကြည်နူးမြူးလို့ × မမတို့ မော်ရွှေမြိုင်မှာ × တူပြိုင်လက်တွဲနွှဲကာသာ သင်္ကြန်မဟာသာယာ
01 21 3 26 1 – – –
နှစ်ဦးခါ သင်္ကြန်မဟာ × × × × ×

ဒီသီချင်းကတော့ လွန်ခဲ့သော နှစ် ၅၀ ကျော်ကထဲက မမတို့မော်ရွှေမြိုင် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်ဖြစ်သလို ဇာတ်ဝင်တေးအဖြစ်လဲ ဖန်တီးထားပါတယ်။ မော်လမြိုင်မြို့ရဲ့ အမှတ်တရ ဂန္တဝင်တေးဖြစ်တဲ့ မမတို့ မော်ရွှေမြိုင် သီချင်းဟာ ဒီရုပ်ရှင်မှာပဲ ပြီးဆုံးခဲ့တာမဟုတ်ပါဘူး။ မော်လမြိုင်မြို့ရဲ့ အတာသင်္ကြန် ရောက်တိုင်းရောက်တိုင်း အဓိက မဏ္ဍပ်ဖြစ်တဲ့ ဗဟိုမဏ္ဍပ်ကြီးမှာ ဖွင့်ပွဲနှင့် ပိတ်ပွဲများ၌ ရပ်ကွက်အသီးသီးရှိ မဏ္ဍပ်များမှ လှပျိုဖြူအကအလှ ယိမ်းအဖွဲ့များ လာရောက်၍ မမတို့မော်ရွှေမြိုင် သီချင်းဖြင့် ပြိုင်တူ အဖွဲ့ပေါင်းစုံ သီဆိုကကြပြီး နှစ်သစ်ကို ကြိုဆိုဖွင့်လှစ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံကို အစပထမ ထူထောင်နေသော ခေတ်ကာလဖြစ်သည်။ ၁၉၅၅ ခုနှစ် ဝန်းကျင်ကာလတွင် သန့်ရှင်းရေး(အဝါရောင်)ပါတီနှင့် တည်မြဲ(အနီရောင်)ပါတီတို့၏ မဲပြိုင်မဲဆွယ်ကာလနှင့် တပြေးညီပေါ်ပေါက်လာသော မော်လမြိုင်ရဲ့အစ တေးဂီတအဖွဲ့ကတော့ ရွှေမြိုင်တေးသံဝေ တေးဂီတ အမည်နှင့် သန့်ရှင်း(အဝါရောင်)ပါတီ မဲနိုင်ရရှိရေး တေးဂီတ လှုံ့ဆော်မှုတွင် စတင်ပါဝင်ဖျော်ဖြေသော အချိန်ကာလမှစ ၍ တေးဂီတ အဖွဲ့တစ်ဖွဲ့ပေါ်ထွက်လာသလို ၎င်းအချိန်ကာလနှင့် မရှေးမနှောင်း၌ အစိုးရဌာန တစ်ခုဖြစ်သော ကုန်သွယ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးရုံးမှ ကုန်သွယ် + လယ်ယာ(SMP)တေးဂီတအဖွဲ့လည်း ပေါ်ထွက်ခဲ့ပါသည်။

ရွှေမြိုင်တေးသံဝေ တေးဂီတ အဖွဲ့သည် မော်လမြိုင်မြို့ ပန်းပဲတန်းရပ်ကွက်၌ တည်ရှိသော မောင်တင် အင်ဆန်း စာပုံနှိပ်တိုက်မှ ညီအကိုမောင်နှမများ အများဆုံးပါသင်ပြီး စန္ဒယား ဦးစောတင်မှ တီးဝိုင်း ခေါင်း ဆောင်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

လွန်ခဲ့သော နှစ် ၅၀ ကျော်လောက်ကထဲက တေးဂီတအဖွဲ့တွေကတော့ မြန်မာသံစုံတေးဂီတတွေပဲ ဖြစ်ပါတယ်။ မော်လမြိုင်မြို့ရဲ့ အဲဒီခေတ်ကာလအချိန်မှာ စတူရိယို တီဝိုင်း (Guitar + Drum + Organ) သီးသန့်ဝိုင်းမျိုး မပေါ်ပေါက်သေးပါဘူး။

မြန်မာသံစုံတေးဂီတမှာ ပါဝင်တဲ့ တူရိယာတွေကတော့ ၁။ စန္ဒယား(သို့) ဒုံမင်း ၂။ ဂျပ်စဘင် (ယခု အခေါ် ဒရမ်) ၃။ ထရမ်ပက် ၄။ ဆိုင်ဆိုဖုန်း ၅။ ကလဲရီနက် ၆။ မြန်မာဂီတာ ၇။ မယ်ဒလင် ၈။ တယော ၉။ အကော်ဒီယံ ၁၀။ ဗုံ(ခြောက်လုံးပတ်) တို့ ဖြစ်ပါသည်။ ရန်ဖန်ရံခါ ဟော်လိုဂီတာ ပါဝင်တတ်ပါတယ်။

အဲဒီခေတ်ကာလအချိန်အတွင်းမှာပဲ နောက်ထပ်ထွက်ပေါ်လာတဲ့တေးဂီတအဖွဲ့ တစ်ခုကတော့ ဖားအောက်တေးဂီတအမည်ဖြင့် ပေါ်ထွက်လာပြီး နောင်မကြာခင်မှာပဲ သုခုမဗိမ္ဗာန် တေးဂီတအမည်ကို ပြောင်း လဲ ဖွဲ့စည်းခဲ့ပါသည်။

မော်လမြိုင်မြို့ရဲ့ ဂီတနှင့် ပါတ်သက်လာရင် ရွှေမြိုင်တေးသံဝေ၊ ကုန်သွယ်လယ်ယာ(SMP)၊ သုခုဗိမ္ဗာန် တေးဂီတအဖွဲ့တွေကတော့ ရှေ့ဆောင်လမ်းပြ၊ ခေတ်ဦးတေးဂီတအဖွဲ့တွေ ဖြစ်ပါတယ်။

၁၉၆၂ ခုနစ် မြန်မာနိုင်ငံကို တော်လှန်ရေးကောင်စီက စတင်အုပ်ချုပ်တဲ့အချိန်ကာလ မြန်မာနိုင်ငံရဲ့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်သောအချိန်အခါ  သမယမှာ မော်လမြိုင်မြို့ရဲ့ ကမ်းနားလမ်း အကောက်ခွန် ရုံးဝင်း ( နဒီလှိုင်း စားသောက်ဆိုင်၊ ယခင် မြသန္တာခန်းမ၊ မျက်စောင်းထိုး) တွင် ခြံစည်းရိုးအတွင်းဖက်၌ စင် ဆောက်လုပ်၍ ၁၉၆၂ ခုနစ်မှစပြီး ယခင်မြူနီစီပယ်(စည်ပင်သာယာ)ရုံးအဖွဲ့မှ ကြီးကြပ်ပြုလုပ်သော တေးဂီတ ဖျော်ဖြေမှုကို စနေနေ့ည အပါတ်စဉ်တေးဂီတအဖွဲ့များ အလှည့်ကျဖျော်ဖြေတင်ဆက်၍ မော်လမြိုင်မြို့ လုပ်သားပြည်သူများကို အပန်းဖြေ နားသောတဆင်စေခဲ့ပါသည်။

ယနေ့ထက်တိုင် မမေ့မပျောက် မျက်စိထဲတွင် မြင်ယောင်နေတာကတော့ အကောက်ခွန်ရုံးခြံဝင်း အတွင်း ဆောက်လုပ်ထားသော တေးဂီတဖျော်ဖြေရေးစင်မြင့်ပါပဲ။  စင်ရဲ့ ဘက်ဂရောင် ဆိုင်းဘုတ်ကို သံပြား ဘောင်ကွပ်၍ `မြူသစ်တေးသံစုံ ` ဆိုတဲ့ စာကို ပန်းချီရေးဆွဲထားပါတယ်။ ``မြူသစ်`` ဆိုတဲ့ အမည်နာမက တော့ စဉ်းစားစရာလေး ဖြစ်နေပါတယ်။

ဒီစာရဲ့ အဓိပ္ပါယ်ကို သိလောက်ပြောပြရရင်တော့ ခေတ်သစ်မြူနီစီပါယ် (မြူနီစီပါယ် ဆိုတာက စည်ပင် သာယာရုံးအဖွဲ့ရဲ့ အဲဒီခေတ်အမည်ပါ)က အပတ်စဉ်ဖျော်ဖြေရေးအတွက် တာဝန်ယူဆောင်ရွက်တာကြောင့် ``မြူသစ်``လို့ အမည်ပေးထားတာလို့ ပြောခဲ့ကြပါတယ်။ အုန်းပင်တွေ ဝိုင်းရံထားတဲ့ ဒီတီးဝိုင်းစင်ကြီးရဲ့ ဓါတ်ပုံကို ရှာမရတော့လို့ အမှတ်ရစေခြင်းအတွက် ပန်းချီဆွဲပြီး ဖော်ပြပေးလိုက်ပါတယ်။ တေးသီချင်းတွေကို ဖျော်ဖြေနေချိန်မှာ စင်ပေါ်ကို အုန်းသီးကြွေကျတဲ့ အမှတ်တရအဖြစ်တွေကိုတော့ ယနေ့ထက်တိုင် မှတ်မိ နေဆဲပါ။(ဓါတ်ပုံ)

ယခင်မော်လမြိုင်မြို့ မြူနီစီပါယ် (စည်ပင်သာယာ)ဌာနရဲ့ အနုပညာသမားများကို မိမိတို့ တတ်မြောက် သော ပညာရပ်များ လုပ်သားပြည်သူများကို ဖော်ထုတ်တင်ပြနိုင်သလို လုပ်သားပြည်သူများမှလည်း တစ်ပါတ် လျှင် တစ်ညတာ အပန်းဖြေကြည့်ရှု ကြည်နူးခံစားခွင့်ရအောင် ပံ့ပိုးပေးခဲ့တာ ကျေနပ်အားရစရာပါ။

ဖျော်ဖြေမှုအစီအစဉ်အတွက် စည်ပင်သာယာရုံးအဖွဲ့မှ တာဝန်ယူပေးမှုအတိုင်းအတာကတော့ - စင် ပေါ်တွင် စက်ပစ္စည်း သီဆိုနိုင်ရန် အဆင်သင့်စီစဉ်ပေးခြင်း၊ တီးဝိုင်းအဖွဲ့အား အကြိုအပို့ ကားစီစဉ်ပေးခြင်း နှင့် သင့်တင့်သော စားသောက်စရိတ်ပေးခြင်းတို့ ဖြစ်ပါသည်။

၁၉၆၂ ခုနစ်လောက်က စတင်နေပြီးဖြစ်တဲ့  ကမ်းနားလမ်းအပတ်စဉ်ဖျော်ဖြေရေး အချိန်ကာလမှာ ကျွန်တော် တတိယတန်းကျောင်သားအရွယ်သာ ရှိပါသေးသည်။ ဒါပေမယ့် ပရိသတ် အဖြစ်ကတော့ ရောက်ရှိ အားပေးနေပြီး နောင်ကျနော် ဂစ်တာတီးတတ်လာတဲ့ အချိန်မှာတော့ အဲ့ဒီစင်မြင့် ပေါ်ကို ရောက်ရှိခဲ့ပါတယ်။

 ၁၉၆၂ မှ ၁၉၇၀ ခုနစ်အတွင်း မြူသစ်တေးသံစုံ စင်မြင့်ပေါ်တွင် ဖျော်ဖြေတင်ဆက်ခဲ့သော မှတ်မိ သလောက် အဖွဲ့များမှာ - ၁။ ရွှေမြိုင်တေးသံဝေ ၂။ ကုန်သွယ်လယ်ယာ(SMP) ၃။ သုခုဗိမ္မာန် ၄။ မိသားစု ၅။ နန်းကြာညို ၆။ တေးချစ်သူ ၇။ မိုးကေသီ   ၈။ သံလွင်တေး    ၉။ တေးနုတံတျာ ၁၀။ လင်းရောင်ခြည် (အိန္ဒိယ မြူးဇစ်) အစရှိတဲ့ အဖွဲ့များမှ ရေဒီယိုတေးများ မြန်မာသံစဉ်များဖြင့် ပြိုငဆိုင်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

၁၉၇၀ ခုနစ် နောက်ပိုင်းမှသာ စတူရီယိုတီးဝိုင်းအဖွဲ့များမှ ဖျော်ဖြေတင်ဆက်လာကြပါတယ်။ မော်လ မြိုင်မြို့ တေးဂီတသင်တန်း ရွှေရတုကို ဖြတ်ကျော်ခဲ့သော တေးဂီတ အနုပညာရှင်များ၏ ကြိုးစားမှုကို အထူး ဂုဏ်ယူထိုက်ပါတယ်။ သူ့ခေတ်နဲ့သူ့အခါ မော်လမြိုင်မြို့ရဲ့ တေးဂီတအဖွဲ့မှ ဂီတအနုပညာရှင်တွေဟာ ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံမှာ အဖွဲ့လိုက်သွားရောက်ပြီး အသံသွင်းတီးခတ် သီဆိုခဲ့ကြပါတယ်။ သီချင်း တွေကို အသံသွင်းပြီးသွားတဲ့အခါမှာ မြန်မာ့အသံ ရေဒီယိုလေလှိုင်းမှ မကြာခဏဆိုသလို တေးသီချင်းကို ထုတ်လွှင့်ပေးသူတွေကို ဓါတ်ပြားရ အဆိုတော်လို့ သတ်မှတ်ခေါ်ဆိုပါတယ်။ သီချင်းသွင်းပြီး မြန်မာ့အသံမှ တစ်ကြိမ်သာ ထုတ်လွှင့်ပေးတဲ့ အဆိုတော်ကိုတော့ ဓါတ်ပြားရ တေးသံရှင်လို့ မသတ်မှတ်ပါဘူး။

မော်လမြိုင်မြို့မှ ယခင်သက်ရှိ ထင်ရှားရှိနေသေးသော ရေဒီယို ခေတ်ဟောင်းသေးရှင်များကတော့ ဒေါ်ခင်ခင်ကြူ(ရွှေမြိုင်တေးသံဝေ)၊ ဒေါ်ရွှေမြိုင်ခင်ဝင်းကြည်(ကုန်သွယ်လယ်ယာ) ၊ ဒေါ်ရွှေမြိုင်ခင်စန်းရီ (ရွှေ မြိုင်တေးသံဝေ)၊ မင်းကျန်ရစ်(ဖားအောက်) စန္ဒားယားလူမော်အဖွဲ့နှင့် ဒေါ်သန်းသန်းလှ(ရွှေမြိုင်တေးသံဝေ) တစ်ခါလွှင့်တို့ဖြစ်ကြပါတယ်။

ဒီတေးသံရှင်တွေကတော့ မော်လမြိုင်မြို့ရဲ့ ခေတ်ဦးတေးဂီတ အနုပညာပြောင်မြောက်သော မော်လမြိုင်မြို့ ဂုဏ်ယူထိုက်သူတွေပါ။ ခေတ်အဆက်ဆက် ဂီတ အနုပညာကို ဝါသနာကြီးမားစွာနဲ့ ကျောင်း ပညာသင်ကြားရင်း အလုပ်လုပ်ကိုင်ရင်း၊ ဝါသနာအရင်းခံနဲ့ သီဆိုတီးမှုတ်၍ တေးဂီတကို ခင်တွယ်သူတွေ ဖြစ်ခဲ့ကြတာ မှားမယ်မထင်ပါဘူး။ အခါအခွင့်သင့်လျှင် မကွယ်လွန်သေးဘဲ ကျန်ရှိနေသေးသော အသက်ကြီး ရင့်ပြီး ဂီတပညာကို မြတ်နိုးတွယ်တာ ခင်မင်အလေးထား ရင်ဝယ်သိမ်းပိုက်ကြကုန်သော အဖိုးအဖွား အရွယ် ရောက်ရှိနေကြတဲ့ ဂီတ ဝါရင့်ကြီးများ ကဏ္ဍတစ်ရပ် တင်ပြရန် ကြိုးစားပါဦးမယ်။

မော်လမြိုင်မြို့ရဲ့ ဒုတိယ တေးဂီတ ဖျော်ဖြေရေး စင်မြင့်နေရာကတော့ ၁၉၈၀ ခုနစ် နောက်ပိုင်းမှာ မောရဝတီ ပန်းခြံရဲ့ ကျောက်တိုင်၏ အနောက်ဖက်ကွင်းပြင်သို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီ အချိန်မှာတော့ စတူရီယိုတေးဂီတအဖွဲကတွေ အများအပြားပေါ်ထွက်ခဲ့ပြီး ဒီလိုနဲ့ အပါတ်စဉ် ဖျော်ဖြေခဲ့နေရာမှ ၁၉၈၀ ခုနစ် နောက်ပိုင်းတွင် တေးဂီတဖျော်ဖြေရေး စင်မြင့်ကြီးဟာ သံလွင်ဥယျာဉ်သို့ တတိယနေရာအဖြစ် ပြောင်းရွှေ့ ရောက်ရှိခဲ့ပြန်ပါတော့တယ်။ ၎င်းတေးဂီတဖျော်ဖြေရေး စင်ကတော့ ပိုမိုကြီးကျယ် ခမ်းနားလှပါတယ်။ ဇာတ်ရုံ ကြီးတစ်ရုံလို့ အမိုးများအကာများနှင့် အခိုင်အမာဆောက်ခဲ့ လုပ်ခဲ့ပါတယ်။

မော်လမြိုင်မြို့တေးဂီတ အနုပညာဝါသနာရှင်များ တစ်ပတ်လျှင် တစ်ကြိမ် တင်ပြခွင်၊ ဖေါ်ကြူးခွင့်၊ ဖျော်ဖြေခွင့် ရရှိခဲ့ကြသော အခွင့်အလမ်းများကတော့ လွန်ခဲ့သော(၁၀) နှစ်ကျော်လောက်ကစပြီး သံလွင် ဥယျာဉ်အတွင်းရှိ ဖျော်ဖြေရေး ဇာတ်ရုံကြီးဟာ အမိမဲ့သား၊ ရေနည်းငါးပမာ မှေးမှိန်ပျောက်ကွယ် ပျက်စီးသွားခဲ့ ပါပြီ။ လူငယ်များရဲ့ ဂီတအနုပညာများကို တင်ပြမည့်နေရာလည်းမရှိတော့ပါဘူး။ ယနေ့အချိန်အခါသမယမှာ ယခင်အတိတ်ကလို ဖျော်ဖြေတင်ဆက်နိုင်ဖို့ နေရာအခွင့်အလမ်းတွေမရှိတော့တာကြောင့် လူငယ်လေးတွေရဲ ဂီတအိပ်မက် အကောင်အထည်ဖော်မှုဟာ လျော့နည်းပြီး အောင်မြင်မှု လမ်းစတွေ မှေးမှိန်ခဲ့ရတယ်လို့ တွေး ထင်မိပါတယ်။

နိုင်ငံနဲ့တစ်ဝှမ်း အဆိုပြိုင်ပွဲများသာ ရှိခဲ့ပြီး အတီးပြိုင်ပွဲ ဆိုတာ မရှိသလောက်ရှားပါး ပါတယ်။ မော်လမြိုင်မြို့ရဲ့ ယခင်က တစ်ပါတ်မှာ တစ်ရက်တေးဂီတဖျော်ဖြေရေးစင်မြင့်မှာ ဖျော်ဖြေခွင့်ရတဲ့ အခွင့်အရေး ကတော့ တီးခတ်သူအတီး Player များအတွက် အတွေ့အကြုံနဲ့ ဖေါ်ကျူးပြသ၍ ရသောတစ်နေရာ တစ်ကဏ္ဍ ရှိခဲ့ပါတယ်။
mawlamyine-music-50-years
ခေတ်တွေသာ ပြောင်းလဲပြီး မီဒီယာတွေ ကောင်းလာပါတယ်။ ဘယ်လိုပင်စေကာမူ မော်လမြိုင်မြို့လို မြို့ကြီးမှာ တေးဂီတအဖွဲ့ လက် (၁၀)ချောင်း မပြည့်ပါဘူး။ လူငယ်လေးတွေရဲ့ဂီတ အနုပညာ အနာဂတ် ထွန်းပေါက်ရေးအတွက် အရင်နှစ် ၅၀ ခရီးကို တမ်းတတယ် မဆိုချင်ပေမယ့်၊ လိုချင်တယ်လို့ ပြောပြရမလား။ ဂီတအနုပညာနဲ့ပါတ်သက်ပြီး ဖျော်ဖြေခွင့်ရနိုင်အောင် ဘယ်သူတွေကရော လုပ်ပေးမှာလဲ။ ကိုယ့်အားကိုယ်ကိုး ရမလား။ နတ်သကြားတွေကိုဘဲ တိုင်တည်ရမလား။ ဘုရားမှာဘဲ ဆုတောင်းရမလဲ။ မော်ရွှေမြိုင် လူငယ်လေး တွေရဲ ဂီတ အနုပညာကို မြှောက်စားအား မပေးတော့ဘူးလား။ လျစ်လျူရှုနေတာလား။ မသိတာလား။ မသိချင် ယောင်ဆောင်နေတာလား။ မကူညီချင်တာလား။ လုပ်ပေးနိုင်ဖို့ရော အင်အားမရှိကြတော့ဘူးလား။

မော်ရွှေမြိုင်ရဲ့ မျိုးဆက်သစ်လူငယ် ဂီတ အနုပညာရှင်များ မြန်မာနိုင်ငံမှာ ထူးချွန်ပြောင်မြောက်စွာ ပေါ်ထွက်လာဖို့ မြင်ချင်လှပါဘိ။

မော်လမြိုင်မြို့ရဲ့ ဂီတ အနုပညာ ဖျော်ဖြေတီးခတ် သီဆို တင်ဆက်မှုများကတော့ ကွက်ကြား မိုးရွာသလို ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့သာ ကောင်းကင်ကို မျှော်ရင်း၊ လွမ်းတသသနဲ့ မလူးသာ မလှုပ်သာ ရုန်းကန်လျက် . . . . . . . . . . . . . . . . . . .

ဂီတအနုပညာကို ကြိုးစားရင်း

ဂီတမှူး – ဘဏ်စိုး(မော်လမြိုင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.