“စစ်ကောင်စီက ပြည်တွင်းထဲက စစ်ရှောင်ဆိုလည်း နေ့စဉ်နဲ့အမျှဗုံးကြဲတာ။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ထုတဲ့ဟာမျိုးတွေရှိတဲ့အခါ ကျွန်တော်တို့က အန္တရာယ်ရှိတယ်”

0
2986

ကယားပြည်နယ်(ကရင်နီ)မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ နယ်စပ်ဒေသတွေ ကနေတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံသူ ၅၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုပါ ကျုးလွန်ထားပါတယ်။ ဒါ ကြောင့် လတ်တလော နှစ်ဖက်တိုက်ပွဲ အခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်နီအ မျိုးသားတိုးတက် ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး ကရင်နီပြည်နယ်နဲ့ ထိုင်းနယ်စပ်က တိုက်ပွဲနောက်ဆုံးအခြေအနေ ပြောပြပေးပါဦး။

ကျွန်တော်တို့ကတော့ တိုက်ပွဲကနေ့စဉ်နဲ့အမျှပေါ့ ဖြစ်နေတာရှိတယ်။ ပြီးခဲ့တဲ့အပတ်တွေကတော့  စခန်းသိမ်းပွဲတွေရှိတယ်။ နယ်စပ်မှာတစ်ညတည်းမှာ စစ်ရှောင်တွေကို ဗုံးကြဲသွားတာ။ ညသန်းခေါင်အချိန်နဲ့ အခုမိုးလင်း ပိုင်းမှာ နှစ်နေရာသုံးနေရာ တိုက်ခိုက်သွားတာ။ အခုကတော့ ယာယီစခန်းတွေချထားပေးပြီး ကူညီနေတာ ရှိ ပါတယ်။

၂။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကရော ဘယ်လိုအခြေအနေရှိနေလဲ။

ပြေးလာကြတော့ စစ်ရှောင်စခန်းတွေလိုအပ်တယ်။ စားရေးနေရေးလိုအပ်တယ်။ ပြန်ပြီးတော့ နေဖို့ထိုင်ဖို့တွေ ကအစ ပြန်တည်ဆောက်ရတယ်။ စာရေးသောက်ရေးအမျိုးမျိုးပေါ့။ ဘဝသစ်ပြန်စရသလို ဖြစ်နေတယ်။ ဒါကလည်း ကျွန်တော်တို့ ရေရှည်ပုံစံတော့ ဟုတ်မနေဘူး။ ထိုင်းကပေါ်လစီချထားတော့ နောက်ထပ်ဒုက္ခသည် စခန်းအသစ်တွေအတွက် သူတို့မှာပေါ်လစီရှိမနေတဲ့အခါကျတော့ အခုလက်ခံထားတဲ့ ပုံစံကတော့ ဒါက အသက်အန္တရာယ်ရှိတဲ့အတွက် ဒါကလူသားချင်းစာနာ ထောက်ထားမှုအနေနဲ့ လက်ခံတဲ့သဘောပဲ။ ဒါပေမယ့် အခြေအနေက နည်းနည်းပြန်ပြီးမှ တည်ငြိမ်တယ်ဆို ပြန်သွားရမယ့်သဘောဖြစ်တာပေါ့။

 ၃။ တိုက်ပွဲအတွင်း မယ်စဲ့ဘက်မှာ ပိတ်မိနေတဲ့ ဒေသခံတွေ ရှိသေးတယ်လို့ ကြားရပါတယ်။ သူတို့ထွက်လာနိုင်အောင် ဘာတွေလုပ်ဆောင်နေလဲ။

အဲဒါအတွက်ကတော့ သူ့နည်းသူ့လမ်းနဲ့ပေါ့။ နည်းနည်းကြိုးစားဆောင်ရွက်နေတာ ရှိပါတယ်။ ဒီဒုက္ခသည်တွေက သိပ်တော့မများပါဘူး။ ပိတ်မိနေတာက ဖြစ်သွားတဲ့နေရာလောက်ပါပဲ။ အထဲထဲကဟာတွေက ထိန်းချုပ်နယ်မြေထဲမှာ ရှိပြီးသားပါ။

 ၄။ လက်ရှိမှာ စစ်ရှောင်ပြည်သူတွေ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရပါသလဲ။

အဓိကစစ်ကောင်စီက အခုကတိုက်ပွဲမဖြစ်ပဲနဲ့ စစ်ရှောင်စခန်းတွေကိုတိုက်တာ။ ဒါကတော့ စစ်ရာဇဝတ်မှုကို တော်တော်လေး ကျုးလွန်တာပေါ့။ လူသားမျိုးနွယ်စုဆိုင်ရာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်။ သူတို့က အရပ်သားတွေဖြစ်တယ်။ တိုက်လိုက်တဲ့နေရာတွေကလည်း အခုနောက်ပိုင်းမှာ ဆေးခန်းတွေ၊ ကျောင်းတွေ၊ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေ ရှိတဲ့နေရာတွေက ဒါကတော့ တအားရှင်းတယ်။ တိုက်ပွဲလည်း ဖြစ်တဲ့နေရာတွေ မဟုတ်ဘူး။ အဓိကသူတို့အတွက် လိုအပ်ချက်က လုံခြုံရေးပေါ့။ လုံခြုံရေးက အဓိကလို အပ်တယ်။ စစ်ရှောင်ဆိုလည်း တစ်နေရာတည်းမရဘူး။ ဘာလို့ဆို စစ်ကောင်စီက ပြည်တွင်းထဲက စစ်ရှောင် ဆိုလည်း နေ့စဉ်နဲ့အမျှဗုံးကြဲတာ။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီးထုတဲ့ဟာမျိုးတွေရှိတဲ့အခါ ကျွန်တော်တို့က အန္တရာယ်ရှိတယ်။

စစ်ရှောင်စခန်းက လူတွေက သူတို့ရဲ့ကျန်းမာရေး၊ လူမှုရေး၊ ပြင်ပကအထောက်အပံ့တွေ မှီခိုနေရတာ ဖြစ်တယ်။ စစ်ရှောင်စခန်းတွေမှာ ဘာမှလည်း စိုက်ပျိုးရေးလုပ်ငန်းလုပ်လို့ မရဘူး။  နောက်ပြီး တစ်နေရာကနေ တစ်နေရာ ရွေ့နေရတယ်ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးကလည်း အဓိကဖြစ်တယ်ပေါ့။ နောက်သူတို့ အ တွက် အမိုးအကာပေါ့။ သာမာန်လူတွေလိုမျိုး သူတို့ကအမိုးအကာမရှိတဲ့အတွက် ရာသီအလိုက်ရောဂါတွေ ဖြစ်တာတွေ နောက်ပြီးရေရှားပါးမှုကြောင့် ကူးစက်ရောဂါတို့ ရာသီအလိုက်ဖြစ်တဲ့ရောဂါတွေ ကျန်းမာရေးကလည်း အဓိကဖြစ်တယ်။ စစ်ရှောင်စခန်းတွေမှာ အဓိကကြုံတွေ့ရတဲ့အရာတွေဖြစ်တယ်။

၅။ နောက်ဆုံးအနေနဲ့ စစ်ဘေးရှောင်တွေကို ထိုင်းအစိုးရကရော လက်ခံထားတယ်လို့ သိရတယ်။ ဘယ်လို အခြေအနေတွေ ရှိနေလဲ။

သူတို့ကတော့ အခုလောလောဆယ် စစ်ရှောင်တွေရဲ့ စီမံခန့်ခွဲမှုကို တာဝန်ယူထားတယ်။ နောက်ပြီးတော့ သူတို့လုံခြုံရေးကိစ္စတွေ လုပ်ထားတယ်။ နောက်ပြီးတော့ ပြင်ပကနေ လာရောက်ကူညီတာတွေ သူတို့စီမံခန့်ခွဲမှုနဲ့ အောက်ကနေသွားရတယ်။ လိုချင်တဲ့သူအားလုံးက သူတို့ဆီမှာပဲ ဖြတ်သွားရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒီ လိုမျိုးပဲ လုပ်ထားတယ်။ လောလောဆယ်ပေါ့နော်။ ကရင်နီကျန်းမာရေးနဲ့ သူတို့နဲ့ပူးပေါင်းပြီး လုပ်နေတာရှိတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.