ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းနှင့်တွေ့ဆုံခြင်း

0
13676

ခုဖြစ်နေတာက အကျင့်ပျက်ခြစားမှုတွေရှိနေပြီး ဥပဒေမဲ့အစဉ်အလာ ဆိုးတွေကို သူတို့ကိုယ်တိုင် လက်ခံဆောင်ရွက်ပေးနေသလိုဖြစ်တော့ မသိလို့ဖြစ်ဖြစ်၊ သိလျက်နဲ့ဖြစ်ဖြစ် ဥပဒေပြင်ပ လုပ်ဆောင်နေတဲ့သူတွေကို အားပေးအားမြှောက်ရာကျနေပါတယ်၊

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society – YSS)ကို ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ဒေသအတွင်း ပြည်သူလူထုလိုအပ်ချက်များအတွက် အထောက်အကူဖြစ်စေနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဥပဒေနှင့်အညီပူးပေါင်းကူညီဆောင်ရွက်ပေးရေး စသည့်ရည်ရွယ်ချက်များနှင့် တက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ကာ စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းနှင့် သံလွင်တိုင်းမ်တို့ ယင်း အဖွဲ့ဆောင်ရွက်မှုအခြေအနေနဲ့ ၎င်း၏သုံးသပ်ချက်များကို သံလွင်တိုင်းမ်ပရိတ်သတ် သိရှိစေရန်အတွက် မေးမြန်းထားပါတယ်။

မေး – YSS အဖွဲ့ရဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက ယနေ့အထိ လှုပ်ရှားဆောင်ရွက်မှုအကျဉ်းလေးသိပါရစေ။
ဖြေ – အဖွဲ့အနေနဲ့ ပထမဦးဆုံးလုပ်ဆောင်ဖြစ်တာကတော့ အံဒင်ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုကန့်ကွက်တဲ့ဆောင်ရွက်မှုပါ၊ အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကမ်ပိန်းမျိုးစုံလုပ်ခဲ့တယ်၊ တီရှပ် ကမ်ပိန်း၊ Signature ကမ်းပိန်း အစရှိသဖြင့်ပေါ့၊ ဒါတွေနဲ့အတူ ဆန္ဒဖော်ထုတ်တာတွေ၊ မီဒီယာတွေကနေ တဆင့် အသိပညာပေးခြင်း၊ လှုံ့ဆော်ခြင်းတွေကို ဆောင်ရွက်ခဲ့တယ်။ နောက်ပြီးတော့ ဒေသတွင်းက ပြည်သူ တွေအတွက်အမြင်ဖွင့်သင်တန်းတွေ၊ စွမ်းရည်မြှင့်သင်တန်းတွေကို အဖွဲ့အစည်းမျိုးစုံနဲ့ ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့ပါ တယ်။ ဒီနောက်ပိုင်းမှာတော့ ဒေသနေပြည်သူလူထုရဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ပတ်သက်ပြီး ဥပဒေ ကြောင်းအရ လမ်းပြပေးတယ်၊ ဦးဆောင်ပါဝင်ကူညီပေးတယ်၊ ပူးပေါင်းဆောင်ရွက်ပေးနေတာတွေကို
စဉ်ဆက်မပြတ်လုပ်နေပါတယ်။ အဓိကအနေနဲ့ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာကိစ္စတွေ ပေါ့ဗျာ။
anoo
မေး – ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ YSS အဖွဲ့အနေနဲ့ အရင်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်မှာ ဆောင်ရွက်လုပ်ကိုင်နေရတာနဲ့ပတ်သက်လို့ သုံးသပ်ပေးပါဆရာ။
ဖြေ – အရမ်းကောင်းတဲ့မေးခွန်းပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ထူးခြားမှုမရှိပါဘူး၊ ယခင်အစိုးရလက်ထက် တုန်းကတည်းက ကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေဟာ ဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ဘာအခက်အခဲမှ မကြုံခဲ့ရဘူး၊ မြို့နယ်အဆင့် နိုင်ငံဝန်ထမ်းတွေအနေနဲ့လည်း ထိုက်သင့်တဲ့ပူးပေါင်းဆောင် ရွက်မှုရခဲ့ပါတယ်။ ခုအစိုးရလက်ထက်မှာလည်း ဒီလူတွေပဲဖြစ်တဲ့အတွက် ယခင်အတိုင်းပဲ ပူးပေါင်းဆောင်ရွက် နိုင်တဲ့ဟာတွေရှိသလို မလိုလားအပ်တဲ့ဖြစ်စဉ်တွေကတော့ ရှိနေတုန်းပါပဲ။ ထူးခြားမှုတစ်ခု ကတော့ ယခုအစိုးရ လက်ထက်လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော်တို့နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်တာဟာ အားသာ ချက်တစ်ခုဖြစ်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး – လက်ရှိအနေနဲ့ မွန်ပြည်နယ်နဲ့ ရေးမြို့နယ်ရဲ့ အပြောင်းအလဲကာလကို ဆရာ့အမြင် ခြုံငုံသုံးသပ်ပေး ပါဆရာ။
ဖြေ – ပြောရရင်တောဗျာ – လက်ရှိမွန်ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ အားနည်းချက်တွေ အများကြီး ရှိတယ်လို့မြင်မိတယ်၊ လက်ရှိအစိုးရရဲ့ မူဝါဒတွေအပေါ် အကောင်အထည်ဖော်တဲ့နေရာတွေမှာ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေရဲ့ အရည်အသွေးနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းချက်တွေအရ ကျွန်တော်အပါအဝင်
အများပြည်သူရဲ့အမြင်မှာ ကျေနပ်ဖွယ်ရာ၊ အားရစရာမဖြစ်ခဲ့ဘူးလို့ပြောရမှာပဲ၊ ဥပမာဗျာ – မူဝါဒချမှတ်တဲ့ကိစ္စ တွေ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကြပ်မတ်ဆောင်ရွက် ရမယ့်ကိစ္စတွေ၊ နိုင်ငံ့ဝန်ထမ်း တွေကိုထိန်းကြောင်းမောင်းနှင်တဲ့အပိုင်းနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေစသဖြင့် အများပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး ဆွေးနွေးပူးပေါင်းဆောင်ရွက်တဲ့အပိုင်းတွေမှာ အားနည်းချက်တွေ အများကြီးရှိတယ်လို့ မြင်တယ်၊ ပြောချင်တာက လုပ်ငန်းကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်ပိုင်းတွေဟာလိုအပ်နေတယ်ဆိုတဲ့သဘော ပါပဲ၊ ကျွန်တော်တို့ရေးမြို့နယ်အပိုင်းကတော့ ဒီအစိုးရကာလမှာ အုပ်ချုပ်ရေးမှူးအသစ် ပြောင်းလဲလာမှုရှိသလို
အုပ်ချုပ်ရေးမှူးအသစ်ရဲ့အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အများပြည်သူနဲ့ထိတွေ့ဆက်ဆံတဲ့အပိုင်းဟာ ယခင် ထက်တော့ပိုချောမွေ့လာတယ်လို့တော့ ပြောရမှာပဲ၊ ကျွန်တော်တို့အဖွဲ့ရဲ့လုပ်ဆောင်မှုတိုင်းဟာ ဥပဒေနဲ့ အညီပဲဆောင်ရွက်လေ့ရှိခဲ့တာကြောင့် ယခင်အစိုးရလက်ထက်ကတည်းက ပြဿနာမရှိခဲ့သလို ယခုကာလ မှာလဲ ဘာမှတော့ပြဿနာမရှိပါဘူး။ ဒါပေမယ့် မြို့နယ်အဆင့်မှာရှိတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုနဲ့ ရုံးလုပ်ငန်းကိစ္စတွေမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်မှုတွေမှာတော့ အားနည်းချက် တွေ၊ လိုအပ်ချက်တွေ ရှိနေတုန်းပါပဲ။

မေး – ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားဆောင်ရွက်နေမှုကိုလည်း ဆရာ့အမြင်အနေနဲ့ရော ဆရာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်က ပြည်သူတွေရဲ့အမြင်အနေနဲ့ရော ထင်ဟပ်ပြီး သုံးသပ်ပြောကြားပေးပါ။
ဖြေ – ယခင်အစိုးရသက်တမ်းကလူတွေထက်တော့ သာတယ်လို့ပြောရမှာပဲ၊ ကျွန်တော်အပါအဝင် အများ ပြည်သူတွေနဲ့ အလွယ်တကူ ထိတွေ့ဆက်ဆံခွင့်ရသလို လိုအပ်တဲ့အခက်အခဲတွေကိုလည်း ရင်းနှီးပွင့်လင်းစွာ ပြောဆိုပြီး လုပ်ဆောင်မှုတွေမှာ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လို့ရတယ်၊ အချို့လွှတ်တော်ကိုယ်စားလှယ် တွေဆိုလို့ရှိရင် လွှတ်တော်နားတဲ့ကာလအတွင်းမှာ မြို့နယ်အတွင်းမှာရှိတဲ့ သူတို့ရဲ့မဲဆန္ဒနယ်မြေတွေကို အတော်များများ ကွင်းဆင်းဆောင်ရွက်သလို အခြားသောအုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စတွေကိုလည်း စိတ်ပါဝင်စား စွာ အများပြည်သူနဲ့အတူ ဝင်ရောက်ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးတာတွေရှိတယ်၊ အချို့ကျတော့လည်း
မဲဆန္ဒရှင်တွေနဲ့ကင်းကွာပြီးတော့နေတာလဲ ရှိတာပေါ့ဗျာ၊ စွမ်းဆောင်ရည်အနေနဲ့ ကျွန်တော်ပြောရရင်တော့ အများစုက အားနည်းနေသေးတယ်လို့ ပြောရမှာပဲ၊ ကျွန်တော့်လိုပါပဲ၊ အများပြည်သူတွေရဲ့အမြင်ကလည်း
သူတို့ရဲ့လုပ်ဆောင်မှုတွေအရ ကျေနပ်အားရမှုနည်းနေသေးတယ်လို့သိရတယ်။ ဖြစ်စေချင်ကြတာက စွမ်းဆောင်ရည်ပိုင်းမှာ မြင့်မားပြီး ဒေသအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်စေ ချင်တာပါပဲ။ ဒါပေမယ့်ဗျာ သူတို့မှာလဲ ဥပဒေပြုရေးမဏ္ဍိုင်ကိုအဓိကထားပြီး အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင် တွေကို ထိန်းညှိဖို့ပဲတတ်နိုင်တာဆိုတော့ နားလည်ပါတယ်။

မေး – တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ဆရာကိုယ်တိုင် ရေးမြို့နယ်အတွင်းမှာ ပြည်သူတွေရဲ့တောင်းဆိုမှုနဲ့ အတူ အဖွဲ့အနေနဲ့ရော၊ တစ်ဦးချင်းအနေနဲ့ပါ လှုပ်ရှားဆောင်ရွက်နေတယ်လို့ သိရပါတယ်၊ ဘယ်လိုဘယ်ပုံ ဆောင်ရွက်နေပါသလဲ၊ ဘယ်လိုအရေးကိစ္စတွေကို အဓိကထားဆောင်ရွက်နေပါသလဲဆိုတာ သိပါရစေ။
ဖြေ – အဓိကဆောင်ရွက်ဖြစ်တာကတော့ ရေးမြို့နယ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေပါပဲ၊ လူကုန်ကူးမှု၊ လောင်းကစားမှု၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ဖောက်ဖျက်ကျူးလွန်မှုတွေပါ၊ အများဆုံးကတော့ လူကုန်ကူးမှုပေါ့၊ ကျွန်တော်တို့ဆီမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းဖွံ့ဖြိုးလာမှုနဲ့အတူရေလုပ်သား လိုအပ်ချက်အရ ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေအရမ်းများပါတယ်၊ ဒီအခြေအနေတွေရှိနေတဲ့အတွက် ပွဲစားဆိုတဲ့ လူကုန်ကူးသူတွေ ကျင်လည်ကျက်စားရာစားကျက်တစ်ခုဖြစ်နေတော့ လူကုန်ကူးမှု မြောက်တဲ့ ကိစ္စတွေက မြောက်များစွာဖြစ်နေပါတယ်၊ ကျွန်တော်ကလည်း ဒီလောကနဲ့ ပတ်သက်မှုတစ်ချို့ရှိနေတော့ ဒီအကြောင်းတွေကိုသိမိရင်း ၂၀၁၃ လောက်ကစပြီး အဲဒါနဲ့ပတ်သက်လို့ ပြဿနာအသေးလေးတွေကူညီ ဆောင်ရွက်ပေးခဲ့တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးချိတ်ဆက်ဆောင်ရွက်ပေးတာတွေလုပ်ဖြစ်ခဲ့ပါ တယ်၊ ဒီနောက်ပိုင်းမှာတော့ ကျွန်တော့်ဆီရောက်လာတဲ့ လူကုန်ကူးမှုကိစ္စအားလုံးကို ဥပဒေနဲ့အညီ ပါဝင်ကူညီ ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ နောက်တစ်ခုက ယခင်တုန်းက အစဉ်အလာလိုဖြစ်ခဲ့တဲ့ ပွဲလမ်းသဘင်တွေ နဲ့အတူ လုပ်ဆောင်လေ့ရှိတဲ့ လောင်းကစားပွဲတွေကိစ္စပါ၊ ၂၀၁၃ ခုနှစ်မှာ မွန်ပြည်သစ်ပါတီက ပွဲလမ်းသဘင် တွေမှာ လောင်းကစားပွဲတွေမလုပ်ဖို့ တားမြစ်တယ်လို့သိရတယ်၊ ဒီအတွက် ၂၀၁၄ လောက်အထိ လောင်း ကစားပွဲတွေရပ်တန့်သွားခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာတော့ ရေးမြို့နဲ့နီးကပ်တဲ့ ရွာကြီးတစ်ချို့မှာ ဖွံ့ဖြိုးရေးလုပ်ငန်း တွေ ဥပမာ – လမ်းခင်းဖို့၊ ကျောင်းပြင်ဖို့ အစရှိတဲ့ခေါင်းစဉ်တွေနဲ့ လောင်းကစားပွဲတွေကို ပြန်ပြီးလုပ်ဆောင်လာ ကြတယ်၊ အကြောင်းကတော့ဗျာ – လောင်းကစားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ လူမှုရေးကိစ္စအရှုပ် အထွေးတွေ၊ ခိုးမှုအစရှိတဲ့ ပြစ်မှုတွေ ကျူးလွန်တတ်တဲ့သဘောတွေကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်က
ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ မျိုးစုံသော အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး ပြည်သူတွေတွေ့ကြုံရတဲ့ အခက်အခဲ တွေကို ကျွန်တော်တို့ဆီလာရောက်တင်ပြရင် လိုက်ပါကူညီဆောင်ရွက်ပေးတဲ့ကိစ္စတွေဖြစ်ပါတယ်၊ နောက်ဆုံး တစ်ခုကတော့ဗျာ – ခုန ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ချိတ်ဆက်နေတဲ့ ရေလုပ်သားတွေအပေါ် လူပွဲစားတွေနဲ့ လုပ်ငန်းရှင်အချို့ရဲ့ လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှုတွေ၊ နစ်နာဆုံးရှုံးမှုတွေကို လိုက်ပါကူညီဆောင်ရွက် ပေးတာဖြစ်ပါတယ်။

မေး – အဲ့လိုဆရာ့အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ဆောင်ရွက်နေတဲ့အထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲအဖြစ်အပျက်တွေရှိရင်လည်းပြောပြပေးပါ။
ဖြေ – အဓိက အခက်အခဲကတော့ဗျာ – ကျွန်တော်တို့လိုက်ပါကူညီလို့ ဆုံးရှုံးမှုတွေဖြစ်ရတယ်ဆိုတဲ့ လုပ်ငန်းရှင်အချို့နဲ့ ကျွန်တော်တို့ရဲ့ဆောင်ရွက်မှုကြောင့် အခက်အခဲ/ပြဿနာတွေ့ကြုံသွားရတဲ့
အရှက်ရတယ်လို့ဆိုနိုင်တဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ အမြင်မကြည်လင်မှု၊ ရန်လိုမှုအချို့ ကြုံတွေ့ရတာပါပဲ၊ ခက်တာက သူတို့ဟာ အစဉ်အလာလိုဖြစ်နေတဲ့ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေကို အမှားလို့မမြင်ဘဲ အမှန်ထင်ပြီး
ကျွန်တော်တို့က အမှန်ထောက်ပြကူညီတာကို အမြင်လွဲပြီး အညှိုးထားတဲ့ကိစ္စပါပဲ၊ ဥပမာတွေပြောရရင်ဗျာ –
ကျွန်တော်အပေါ်မှာပြောခဲ့သလို ရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေကို အဓိကကူညီသူဖြစ်တော့ သူတို့ရဲ့အငြို အငြင်ကို အခံရဆုံးလို့ ပြောရမှာပဲ၊ နောက်ထပ်ပြောရရင် ရေလုပ်ငန်းရှင်အချို့နဲ့ လောင်းကစားဒိုင်နဲ့ အပေါင်း အပါတွေပါပဲ၊ ကျွန်တော်လက်ရှိလုပ်ဆောင်မှုတွေအရ တွေ့ကြုံရတဲ့အခက်အခဲဆုံးအခြေအနေတစ်ခုကို ပြောပြရရင် လွန်ခဲ့တဲ့ ရက်သတ္တပတ်ကဖြစ်ခဲ့တဲ့ လောင်းကစားဝိုင်းအကြီးအကျယ်လုပ်နေတဲ့နေရာတစ်ခု အကြောင်းကို ကျွန်တော့်ဆီကိုပေးပို့လာတဲ့သတင်းအချက်အလက်တွေအရ ထပ်ဆင့်ပြီး ကျွန်တော်က
ရေးမြို့မရဲစခန်း၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ကို သတင်းပေးပို့ဖို့ ဆက်သွယ်ရာမှာ ဖုန်းမကိုင်တဲ့အတွက် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံကို ဆက်သွယ်သတင်းပို့လိုက်တယ်။ ပြည်နယ်ရဲတပ်ဖွဲ့မှူးကလည်း ဖုန်းလက်ခံပြီး
အမြန်ဆုံးသွားရောက်ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုတဲ့အတွက် ကျွန်တော်က အဲဒီနေရာကို မိတ်ဆွေ တစ်ဦးနဲ့အတူ လောင်းကစားဝိုင်းကြီးကိုရောက်တဲ့အချိန်မှာ ပြည်နယ်မှူးပြောတဲ့ ရဲတွေမရောက်သေးပေမယ့် လောင်းကစားဝိုင်းကတော့ ထိုးသားတွေလဲမရှိတော့ပဲ အန်ဂလုံဝိုင်းတွေ၊ အနီထောင်ဝိုင်းတွေ သိမ်းဆည်းနေ တာကို တွေ့ရတဲ့အတွက် ကျွန်တော်ဓါတ်ပုံတွေလိုက်ရိုက်တယ်။ ရိုက်နေတဲ့အချိန်မှာ လောင်းကစားဒိုင်တွေရဲ့ ဝိုင်းဝန်းရန်ပြုမှုကို ခံခဲ့ရပြီး အဲဒီပွဲမှာထွန်းငြိထားတဲ့မီးစက်ကို ရုတ်တရက်စက်သတ်လိုက်တာကြောင့် ကျွန်တော် လည်း မိတ်ဆွေနဲ့အတူ ထွက်ပြေးပြီး ခြုံထဲမှာ ပုန်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ ပြည်နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးတို့ကို အကြိမ်ကြိမ်ဖုန်းဆက်ပေမယ့် ဘယ်သူမှမကိုင်ခဲ့ကြဘူး၊ ဒါ့ကြောင့် စိုးရိမ် စိတ်နဲ့အတူ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းတို့ထံကို ဆက်သွယ်အကူညီ တောင်းခဲ့ရတယ်။ သူတို့ရဲ့ပူးပေါင်းချိတ်ဆက်ပေးမှုနဲ့အတူ ကျွန်တော် အဲဒီကနေ အန္တရာယ်ကင်းစွာ ပြန်လာ နိုင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်အနေနဲ့ အရမ်းကိုစိတ်လှုပ်ရှားပြီးတော့ အစိုးရိမ်ကြီးခဲ့ရတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် ကျွန်တော်သွားဖြစ်ခဲ့တာက ရဲတပ်ဖွဲ့ကို ယုံကြည်မိလို့ပဲ၊ နောက်တစ်ချက်က ကျွန်တော်ရောက် တဲ့အချိန်မှာ ရဲတပ်ဖွဲ့မရောက်သေးပဲ လောင်းကစားဝိုင်းတွေ အရေးပေါ်သိမ်းနေတာဟာ ကျွန်တော်ရဲ့သတင်း ပေးပို့မှု ပေါက်ကြားခဲ့လို့ပဲ။ ဒါဟာ ဘယ်ကပေါက်ကြားသလဲဆိုတာတော့ မပြောချင်ဘူး။

မေး – သီးခြားပြောချင်တာများရှိရင် ပြောပေးပါဦးဆရာ။
ဖြေ – သီးခြားအနေနဲ့ပြောလိုတာက တရားဥပဒေစိုးမိုးရေးအတွက် စိစစ်ကြပ်မတ်ဖို့၊ ထိန်းကျောင်းကွပ်ကဲဖို့နဲ့ ပညာပေးဆုံးမဖို့ အဓိကတာဝန်ရှိတဲ့သူတွေ တရားဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုတာပါပဲ၊ သူတို့သာ တရားဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြုမူကျင့်ကြံမယ်ဆိုလို့ရှိရင် ပြည်သူလူထုရဲ့ ယုံကြည်မှုဆိုတာ ရလာမှာပါ၊ ခုဖြစ်နေတာက အကျင့်ပျက်ခြစားမှုတွေရှိနေပြီး ဥပဒေမဲ့အစဉ်အလာ ဆိုးတွေကို သူတို့ကိုယ်တိုင် လက်ခံဆောင်ရွက်ပေးနေသလိုဖြစ်တော့ မသိလို့ဖြစ်ဖြစ်၊ သိလျက်နဲ့ဖြစ်ဖြစ် ဥပဒေပြင်ပ လုပ်ဆောင်နေတဲ့သူတွေကို အားပေးအားမြှောက်ရာကျနေပါတယ်၊ အမှန်က တာဝန်ရှိသူတွေအနေနဲ့ မသိနားမလည်သူတွေကို ပညာပေးတာတွေ၊ စည်းရုံးတာတွေ၊ ဥပဒေနဲ့အညီ ဆုံးမ ပြစ်ဒဏ်ချတာတွေ ဆောင်ရွက်ရင်း ဦးဆောင်သွားလို့ရှိရင် ကောင်းမွန်တဲ့အုပ်ချုပ်ရေးယန္တရားတစ်ခုကိုရရှိပြီး တရားဥပဒေစိုးမိုး မှုလည်း ရှိလာမှာဖြစ်ပါတယ်။ ဒါနဲ့တပြိုင်တည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကို ရရှိလာမှာဖြစ်ပါတယ်၊ ဒီလိုအခြေအနေမျိုးတွေ ဖန်တီးလာနိုင်လို့ရှိရင် တရားဥပဒေစိုးမိုးတဲ့၊ ငြိမ်းချမ်းတဲ့ လူမှုအဖွဲ့အသိုက်အဝန်း တစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.