ဒေသတွင်း မီဒီယာတွေ တည်ရှိစေရေး သက်ဆိုင်သူများ အလေးပေးစေချင်သည်

သတင်းလွတ်လပ်ခွင့်အတန်အတင့်ရလာသည်နှင့် အမျှ သတင်းမီဒီယာကို လုပ်ကိုင်လာသူများ အပြိုင်း အရိုင်းပေါ်ထွက်လာသည်။ ထိုအထဲကမှ ဒေသတွင်း မီဒီယာများ အတော်လေးပေါ်လာသည်။

ဆိုရလျှင် အကောင်းလက္ခဏာတစ်ရပ်ဖြစ်သလို ဒေသတွင်း အောက်ခြေအသံများ ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်လာနိုင်ခြင်းက ဒီမိုကရေစီ၏ အခြေခံအချက်ကောင်းတစ်ခုကို အကောင်အထည်ပေါ်လာသလိုဟု ယူဆရသည်။

ယခင်ကာလများတွင် ရန်ကုန်အခြေစိုက် အဓိကမီဒီယာကြီးများမှ ထုတ်လုပ်သော ဒေသတွင်းအသံ ခပ်နည်းနည်းသာလျှင် လူအများကြားထဲရောက်ပြီး ဒေသတွင်းဖြစ်ပျက်နေသည့် အချက်များ မီဒီယာပေါ်တွင် မရောက်ရှိခဲ့ပေ။

၂၀၁၄ ခုနှစ်လောက်မှ စတင်ပြီး မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့တွင် ဒေသအခြေစိုက် တိုင်းရင်းသားမီဒီယာတွေ ပေါ်ထွက်လာခဲ့သည်။ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်တည်း ဒေသတွင်းက အသံ တွေလည်း နေရာအနှံ့သို့ ပျံ့နှံ့ကုန်သည်။ ဆိုရလျှင် အောက်အခြေအသံတွေကျယ်လောင်စွာကြားလာရသည်။

ထိုထိုသော အခြေအနေများရှိနေသော်လည်း တစ်ဖက်တွင် ရေရှည်ရပ်တိုင်လာနိုင်မှုအတွက် ဒေသ တွင်းမီဒီယာတို့ နေ့စဉ်နှင့် အမျှ စိုးရိမ်ကြရသည်။

အဘယ့်ကြောင့်ဆိုသော ငွေကြေးအရင်းအနှီး၊ လူသားအရင်းအမြစ်၊ အခြားသော ကျားကန်ပေးသည့် အခြေအနေများ (ကြော်ငြာ၊ ဖြန့်ချိရေးလမ်းကြောင်း၊ သယ်ယူပို့ဆောင်ရေး၊ ပုံနှိပ်ရေး၊ သက်ဆိုင်ရာအင်အားစု များ၏ အားပေးမှု)များမှာ အမြဲသဖြင့် မတည်မြဲနေသောကြောင့် စိုးရိမ်ရခြင်းဖြစ်သည်။

ဆိုရလျှင် အဆိုပါအချက်များက အထောက်အပံ့မပြုနေဘူးလားဟု ဆိုလျှင် အများစုမှ မပြုဟုဆိုရမည်။ ကြော်ငြာလက်ခံရရှိမှု အလွန်အားနည်းခြင်း၊ ကောင်းမွန်ပြီး မျှတသောဖြန့်ချိရေးလမ်းကြောင်းမရှိခြင်း၊ သယ်ယူ ပို့ဆောင်ရေးတွင် ထိရောက်စနစ်ကျစွာဝန်ဆောင်မှုမပေးနိုင်ခြင်း၊ ဂျာနယ်အတွက်ပုံနှိပ်စက်မရှိခြင်း၊ သက်ဆိုင်ရာ အင်အားစုများအနေဖြင့် မိမိ၏ စိတ်သဘောထားမတူညီလျှင် ဆန့်ကျင်ကန့်ကွက်ယုံမျှမက ပုံစံ အမျိုးမျိုးဖြင့်စွပ်စွဲခြင်းများ ဖြစ်ပေါ်နေသည်ဟု အကြမ်းဖျဉ်းဆိုရမည်။ (ဝန်ခံချက် – ကြုံဆုံတွေ့ရသည့် အပေါ် အခြေခံထားခြင်းဖြစ်သည်။ အရာအားလုံးကို မဆိုလိုပါ)

ယခင်အစိုးရလက်ထက်၊ ယခုအစိုးရလက်ထက် ပုဂ္ဂလိက သတင်းစာတွေ အတုန်းအရုံးလဲပြိုကျသံ များ မကြာခဏကြားသိရသည်။ ခုတစ်စောင်နားပြန်ပြီ။ ခုတစ်စောင်ရပ်ပြန်ပြီ။ အဆိုပါရပ်ဆိုင်းသည့် သတင်းစာ၊ ဂျာနယ်အများစုသည် ဒေသတွင်းအခြေစိုက်သည့်စာစောင်များဖြစ်သည်။

ရိုးရှင်းစွာပြောဆိုရလျှင် ဒေသတွင်းမီဒီယာများ ရေရှည်ရပ်တည်ရေးမှာ အလွန်အရေးကြီးသည်။ အား ပေးမှုများ အတော်လိုအပ်သည်။ အဘက်ဘက်မှ သက်ဆိုင်သူများ အလေးပေးရန် တိုက်တွန်းလိုသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.