မြို့ဝင်ကြေးဂိတ်ဂယက်နှင့် ပြည်နယ်အစိုးရဖြေရှင်းရမယ့် ပုစ္ဆာ

0
6022

မြို့ဝင်ကြေးဂိတ်ဂယက်နှင့် ပြည်နယ်အစိုးရဖြေရှင်းရမယ့် ပုစ္ဆာ
++++++++++++++++++++++++++++++++++++++++++

မဲခွဲမှုရှုံးနိမ့်ခဲ့

သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်သူ တင်သွင်းသည့် မွန်ပြည်နယ်ရှိ မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများ ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်၌ ဆွေးနွေးခဲ့ပြီး ထောက်ခံသူနှင့် ကန့်ကွက်သူများ ရှိနေသဖြင့် မဲခွဲဆုံးဖြတ်ရာ အဆိုထောက်ခံသူ (၁၀)မဲ၊ ကန့်ကွက်သူ (၁၆)မဲရှိခဲ့သဖြင့် အဆို ရှုံးနိမ့်ခဲ့ကာ အများ ပြည်သူအကြားလည်း ဝေဖန်မှုမြင့်တက်ခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၃၁)ဦးရှိပြီး ယင်းမဲခွဲသည့်နေ့တွင် ကိုယ်စားလှယ်(၄)ဦး ပျက်ကွက်ခဲ့သည်။

ယင်းနေ့ဆွေးနွေးမှုတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့ကာ မြို့ဝင်ကြေးကို ဂိတ်ဖြင့် ကောက်ခံခြင်း၏ အားသာချက်ကို လွှတ်တော်သို့ ရှင်းပြခဲ့သည်။

“မြို့ဝင်ကြေးအခွန်ကောက်ရတဲ့ ရည်ရွယ်ချက်က ပြည်သူအခြေပြုဖြစ်ပါတယ်။ အခွန်ထဲမှာ အသန့်ပြန့်ဆုံး အခွန်လို့ပြောလို့ရပါတယ်။ ပိုက်ဆံရှိတဲ့ လူတန်းစားကားစီးနိုင်တဲ့ သူတွေကိုပဲ အခွန်ကောက်တာကြောင့် ပြည်သူတွေကို တိုက်ရိုက် အကျိုးပြုစေပါတယ်။ ပစ္စည်းခွန် မြို့ဝင်ကြေးခွန်တွေဟာ ပြည်သူတွေကို ဝန်ထုပ် ဝန်ပိုးမဖြစ်စေတဲ့ အခွန်ဖြစ်ပါတယ်။ မြို့နယ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းဝင်ငွေကို ဖြည့်ဖို့အတွက် ကောက်နေရခြင်း ဖြစ်ပါတယ်”ဟု ဦးမင်းကျော်လွင်က ဆွေးနွေးခဲ့သည်။

မြို့ဝင်ကြေးဂိတ်တွေ ပေါ်ပေါက်လာ

မွန်ပြည်နယ်ရှိ မြို့ဝင်ကြေးများကို ၂၀၁၇ ခုနှစ်၊ မေလအထိ လမ်းကြေးကောက်ခံခွင့်ရရှိထားသော ရွှေသံလွှင် ကုမ္ပဏီ၊ AK ကုမ္ပဏီတို့ကောက်ခံသည့် Toll Gate နှင့် တွဲလျက်ကောက်ခံခဲ့ သည်။ ၂၀၁၇ မေလမှ စတင်ပြီး ရွှေသံလွင်ကုမ္ပဏီက မြို့ဝင်ကြေးကောက်ခံခြင်းကို ရပ်တန့်လိုက်သည့်အတွက် မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်များ မြို့တိုင်းတွင်ပေါ်ပေါက်လာရန် အကြောင်းဖန်ခဲ့သည်။

ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်များကို တည်ဆောက်ရန် ပြည်နယ်အစိုးရထံတင်ပြခဲ့ပြီး မွန်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် မြို့ဝင်ကြေး ကောက်ခံသည့် ဂိတ်များပေါ်ပေါက်လာခဲ့သည်။

မြို့ဝင်ကြေးကောက်ခံရာတွင် ကားကြီးတစ်စီးကို (၅၀၀)ကျပ်၊ ကားလတ်တစ်စီးကို (၃၀၀)ကျပ်၊ ကားသေးတစ်စီးကို (၂၀၀)ကျပ်ဖြင့်ကောက်ခံပြီး ဆိုင်ကယ်များကမူ ပေးစရာမလိုကြောင်း သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်တဝှမ်းမြို့ဝင်ကြေးကောက်ခံသည့် ဂိတ်ပေါင်း (၁၇)ဂိတ်ရှိပြီး ကျိုက်ထိုတွင် (၁)ဂိတ်၊ ဘီးလင်းတွင် (၂)ဂိတ်၊ သထုံတွင် (၁)ဂိတ်၊ ပေါင်တွင် (၁)ဂိတ်၊ မော်လမြိုင်တွင် (၃)ဂိတ်၊ ကျိုက်မရောတွင် (၁)ဂိတ်၊ ချောင်းဆုံတွင် (၁)ဂိတ်၊ မုဒုံတွင် (၃)ဂိတ်၊ သံဖြူဇရပ်တွင် (၂)ဂိတ်၊ ရေးတွင် (၂)ဂိတ်တို့ကို ဖွင့်လှစ်ပြီး မြို့ဝင်ကြေး များ ကောက်ခံလျက်ရှိနေသည်။ ယင်းဂိတ်များကို စည်ပင်ဝန်ထမ်းနှင့် နေ့စားဝန်ထမ်းများက တာဝန်ယူထားပြီး တစ်နေ့ကို သုံးဆိုင်ခွဲကာ ငွေကြေးကောက်ခံသည်ဟု ပြည်နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
(ပုံ – ၁) ကြည့်ရန်

မြို့ဝင်ကြေးရရှိမှုအဖြစ် ယခင်ကထက်စာလျှင် မြို့နယ်တိုင်း၌ မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်များဖွင့်လှစ်ပြီး နောက် သိသိသာသာဝင်ငွေရရှိမှုပိုများလာခဲ့သည်။ ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်တွင် မြို့ဝင်ကြေးအဖြစ် ကျပ်သန်းပေါင်း (၄၁၉.၄၀၈)သန်းရရှိခဲ့ပြီး ဂိတ်များဖွင့်လှစ်ခဲ့သည့် ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း (၁၁၁၅.၃၅)သန်းရရှိခဲ့သဖြင့် အဆပေါင်းများစွာ ကွာခြားခဲ့သည်။ ယင်းအတွက်ကြောင့်ပင် မွန်ပြည်နယ်အစိုးရအဖွဲ့ ၏ ဝင်ငွေ (၃၀)ရာခိုင်နှုန်းမှာ စည်ပင်သာယာရေးဌာနမှ ကောက်ခံသည့် မြို့ဝင်ကြေးမှ ရသည်ဟု ပြည်နယ်စည်ပင် သာယာရေးဝန်ကြီးက လွှတ်တော်တွင် ရှင်းပြခဲ့သည်။ (ပုံ – ၂ ကြည့်ရန်)

ယင်းရရှိသည့်ငွေများထဲမှ (၇၀)ရာခိုင်နှုန်းကို ပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊ ရေပေးဝေရေး၊ သန့်ရှင်းရေး၊ ယာဉ်စက်ယန္တယား ဝယ်ယူခြင်းတွေကို သုံးစွဲပြီး (၃၀)ရာခိုင်နှုန်းကို ဝန်ထမ်းလစာအတွက်အသုံးပြုသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံမှ သိရသည်။

မွန်ပြည်နယ်အစိုးရအတွက် မြို့ဝင်ကြေးမှ တဆင့် ရန်ပုံငွေများစွာရရှိနေသလို တစ်ဖက်တွင်လည်း မြို့ဝင်ကြေး ကောက်ခံမှုအတွက် မြို့အလိုက်စတင်ကောက်ခံသည့်နေ့မှစပြီး အများပြည်သူအကြား ဝေဖန်မှုများရှိနေခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မြို့ဝင်ကြေးကောက်ခံမှု များသည် ဥပဒေနှင့် မညီက ဖျက်သိမ်းဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့ကို ဆွေးနွေးဖို့ လွှတ်တော် အမတ်များကို တိုက်တွန်းခဲ့သည်။

ထိုအချိန်ကတည်းက မွန်ပြည်နယ်တွင် မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်များ ပိတ်သိမ်းရန် အရေးဆိုမှုရှိလာနေ သော်လည်း ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ခဲ့ပေ။

မြို့ဝင်ကြေးဂိတ်ဖြုတ်ရန် အဆိုတင်သွင်း

အဆိုပါ ကာလများကျော်လွန်ပြီးနောက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့က ကျင်းပသည့် ဒုတိယ အကြိမ်မွန်ပြည်နယ် လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)တွင် သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်သူက မွန်ပြည်နယ်ရှိ မြို့ဝင်ကြေးကောက်ခံနေ သည့် ဂိတ်စခန်းများ ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့သည်။

အဆိုတင်သွင်းရသည့် အကြောင်းပြချက်မှာ ကျိုက်ထိုမှသည် ရေးမြို့အထိ B.O.T စနစ်ဖြင့် ရွှေသံလွင်ကုမ္ပဏီ နှင့် AK ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရထားပြီး အဝေးပြေးလမ်း အသုံးပြုခကောက်ခံနေသလို ယင်းလမ်းပေါ်တွင် မြို့ဝင်ကြေးအဖြစ်ထပ်မံပေးဆောင်ရသည့်အတွက် စိတ်ရှုပ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ ဝေဖန်စရာများ ဖြစ်ပေါ်နေသည့်အတွက်ကြောင့်ဟု အဆိုရှင်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ယင်းအဆိုကို ရေးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ထောက်ခံခဲ့ပြီး လွှတ်တော်က ဆွေးနွေးရန် အတည်ပြုခဲ့သည်။

“ခေတ်နဲ့မလျော်ညီတော့ဘူး။ နောက်ပြီးတော့ ဒါဟာမွန်ပြည်နယ်တစ်ခုတည်းမဟုတ်ဘူး။ တစ်ပြည်လုံးက ခရီး သွားဧည်သည်တွေလာတဲ့အခါ ကြန့်ကြာမှုတွေ စိတ်ကသိကအောက်ဖြစ်မှုတွေနောက်ပြီးရာသီဥတုဒဏ်ကြောင့် ဥပမာ နွေရာသီပဲဖြစ်ဖြစ် မိုးရာသီပဲဖြစ်ဖြစ် မိုးရာသီကတော့အဆိုးဆုံးပဲ။ မိုးရာသီမှာ မိုးရွာနေတဲ့ကြားမှာ ကား တံခါးဖွင့်ပြီးပေးရတာ ဘယ်လိုမှသက်သောင့်သက်သာမဖြစ်ဘူး။ နောက်ပြီး ဒါကကောက်ကို ကောက်ရမှာ မဟုတ်ဘူး။ မကောက်လို့လဲရတယ်။ အခွန်နဲ့ရပ်တည်တာမှန်ပေမယ့် ရဖို့တစ်ခုတည်းကိုကြည့်လို့မရဘူး။ ဒါပေမယ့် ဒါကိုပြဿနာတစ်ခုကို အဖြေရှာတဲ့နည်းနဲ့စဉ်းစားရမှာ အစိုးရကဘယ်လိုစီမံခန့်ခွဲမလဲဆိုတ အရေးကြီးတယ်။ ပိုက်ဆံရဖို့တစ်ခုကိုပဲ ကြည့်ပြီး ပြည်သူတွေအဆင်ပြေမပြေကို မကြည့်ဘူးဆိုရင် Good Government မဟုတ်ဘူး”ဟု အဆိုရှင် ဦးအောင်ကျော်သူက အဆို၏ ဆိုလိုရင်းကို ဖြည့်စွက်ရှင်းပြသည်။

အဆိုကို စက်တင်ဘာလ(၁၉)ရက်နေ့မှာ ဆွေးနွေးခဲ့ပြီး ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၊ မော်လမြိုင် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်နှင့် ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးချစ်တင်တို့က အဆိုနှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏ ကျော်ကမူ ဂိတ်ဖြုတ်သိမ်းခြင်း၏ အကျိုးဆက်ကိုလည်းဆွေးနွေးခဲ့သလို ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း ဆွေးနွေးခဲ့သည်။ စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်ကမူ ဂိတ်မဖြုတ်ရေးအတွက် ဆွေးနွေးခဲ့သည်။

“အဆိုကအရမ်းကိုအနှစ်သာရရှိတယ်လို့ ကျွန်တော်ယူဆတယ်/ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကြားမှာ ဒီကိစ္စက ဒီအစိုးရလက်ထက်မှာပေါ်လာတဲ့ကိစ္စ အရင်ကကြတော့ မကောက်ခဲ့တာတော့ မဟုတ်ဘူး။ အခြား နည်းနဲ့ ကောက်ခဲ့တာ အဝေးပြေးလမ်းပေါ်မှာ ဂိတ်တွေဖွင့်ပြီးကောက်ခဲ့တာမဟုတ်ဘူး။ ဒီစနစ်က ခရီးသွား ပြည်သူတွေကြားမှာ တော်တော်လေးစိတ် အနှောင့်ယှက်ဖြစ်နေတယ်။ အခွန်ကောက်ကို အစိုးရကရယူပြီး ဝန်ဆောင်မှုပြန်ပေးရတယ်ဆိုတာလဲ ကျွန်တော်တို့နားလည်တယ်။ သို့သော် အခွန်ကောက်ရယူတဲ့နေရာမှာ ပြည်သူလူထုစိတ်အနှောင့် ယှက်မဖြစ်ဘဲနဲ့ ယူတဲ့နည်းတွေများကြီးရှိတယ်။ အဲ့လိုမျိုး ကျင့်သုံးစေချင်တယ်။ ဒီဟာကို အများစုကန့်ကွက်တာ ကျွန်တော်ကိုနားမလည်နိုင်ဘူး။ ဒီဟာလေးကို အစိုးရကဖြေမရှင်းပေးနိုင်ဘူး ဆိုရင် အစိုးရရဲ့ပုံရိပ်တွေများကြီး ထိခိုက်စေနိုုင်တဲ့ကိစ္စဖြစ်တယ်လို့ အဆိုကိုထောက်ခံခဲ့သည့် ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးက အဆိုရှုံးနိမ့်မှုအပြီးတွင် ပြောသည်။

အများပြည်သူက ဘာတွေပြောကြ

အဆိုရှုံးနိမ့်ခဲ့မှုသတင်းများလည်း အများပြည်သူအကြားတွင် ပျံ့နှံ့ခဲ့ပြီး မဲရှုံးနိမ့်မှုအပေါ် ဝေဖန်မှုမြင့်တက်ခဲ့သည်။

သံလွင်တိုင်းမ်သတင်းဌာနမှ နှစ်ရက်ကြာကောက်ခံခဲ့သော အများပြည်သူသဘောထားစစ်တမ်းတစ်ရပ်တွင် ၄၃၈ ဦးမဲပေးခဲ့ပြီး ဂိတ်များဖြုတ်သိမ်းရန်ဆန္ဒပြုသူ ၈၇ ရာခိုင်နှုန်းနှင့် ဂိတ်မဖြုတ်သိမ်းရန် ဆန္ဒပြုသူ ၁၃ ရာခိုင် နှုန်းရှိခဲ့သည်။

ဆန္ဒမဲပေးခဲ့သူတစ်ဦးဖြစ်သည့် မချောစုကြည်က “Vote ပေးရကြေးဆို ပိတ်သင့်ပါတယ်လို့ပဲ ဖြေရမယ်။ ဘာကြောင့်လဲဆိုရင် မွန်ပြည်နယ်(၁၀)မြို့နယ်လုံးမှာ အဝင်ရောအထွက်ရောပါ ပေးဆောင်ရတာထက် ပြည်နယ်အဝင်ဝမှသာ ဂိတ်ကြေးထားရှိသင့်တယ်လို့ပဲ ပြောပါရစေ။ ဒါလဲ ပြည်နယ်အတွက် လုံလောက်တဲ့ အခွန်တစ်ခုအဖြစ် အထောက်ပံ့ဖြစ်စေတာပဲ”ဟု မှတ်ချက်ပြုထားသည်။

ပုံမှန်ခရီးသွားနေသည့် မတင်ဇာမော်ကလည်း “မိုးတွင်းဆိုရင် တံခါးဖွင့်ပြီးပေးရတာအဆင်မပြေဘူး။ မြို့ဝင် ကြေးကောက်နေတာက အရမ်းများတယ်။ အချို့နေရာတွေဆို မြို့ထဲမှာလာပြီးကောက်နေတော့ ကိစ္စရှိလို့ အပြင်ခဏသွားလည်း အသွားအပြန်ပေးနေရတာတွေရှိတယ်။ ၂၄နာရီမဟုတ်ဘဲ ခုဝင်ခုထွက်လည်း ပေးနေရ တယ်။ ဆီဈေးတက်တာနဲ့ မြို့ဝင်ကြေးပေးရတာနဲ့ ကားတောင်မစီးချင်တော့ဘူး”ဟု ယင်း၏ အခြေအနေကို ပြောသည်။

ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုအောင်ထွန်းက “အခက်အခဲတော့ သိပ်မရှိဘူး။ ပိုက်ဆံကတော့ ပေးရမှာပဲ။ ဒါပေမယ့် ခဏခဏရပ်ပြီးပေးရတော့ ခရီးသည်တွေအတွက် အချိန်ကြန့်ကြာတာပေါ့။ ဂိတ်တွေအများကြီးမရှိရင် တော့ကောင်းတာပေါ့”ဟု ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ အဆိုတင်သွင်းမှုရှုံးနိမ့်ခဲ့သဖြင့် မြို့ဝင်ကြေးဂိတ်ပိတ်သိမ်းမည့်အစီအစဉ်မရှိနေတော့ပေ။
ယင်းဖြစ်စဉ်များအပေါ် မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်ထံမှ တစ်စုံတစ်ရာမှတ်ချက်ပြု ပြောဆိုရင် မေးမြန်းခဲ့သော်လည်း ပြန်လည်မဖြေကြားခဲ့ပေ။

စည်ပင်ဌာနမှ ကောက်ခံနေသည့် မြို့ဝင်ကြေးဂိတ် ဂယက်ထနေသော်လည်း အဓိကတာဝန်ရှိသည့် ပြည်နယ် စည်ပင်ဝန်ကြီးမှ မှတ်ချက်တစ်စုံတစ်ရာမပြုခြင်းသည် ပြည်နယ်အစိုးရအဖြေရှာရမည့် ပုစ္ဆာကို ေ၀ဝါးနေစေခဲ့သည်။

မြို့ဝင်ကြေးဂိတ်ပြဿနာအဖြေရှာ

အများပြည်သူ၏ နေ့စဉ်လူနေမှုဘဝနှင့် တိုက်ရိုက်ဆက်စပ်သည့် အခြေအနေဖြစ်သည့် မြို့ဝင်ကြေးဂိတ်ဖြစ်ရပ် အပေါ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ယခုလိုအဖြေရှာသည်။

“ဒါကိုရပ်ဖို့ ကျွန်တော်တို့ငွေလိုတယ်။ အခုနယ်တွေမှာ သားသတ်လိုင်စင်တွေရောင်းနေပြီး အဲ့ဒီကရတဲ့ အခွန် ကို နဂိုကထက်ပိုမျှော်မှန်းတယ်။ သူ့ဆီကတိုးလာတဲ့အခါကျရင် မြို့ဝင်ကြေးကို ဖျက်လိုက်လို့ရပြီ။ ဒီတိုင်း ကျွန်တော်တို့ ဖျက်လို့မရဘူး။ ဖျက်ခြင်းအားဖြင့် ဝန်ထမ်းလစာကို ကျွန်တော်တို့ ဘယ်ကနေပေးမှာလဲ ဥပမာ ကျွန်တော်တို့ စီစဉ်ထားတဲ့ အခွန်တွေရှိတယ်။ ထပ်ပြီးကောက်မယ့်အခွန်တွေရှိတယ်။ အဲ့ဒီအခွန်တွေထပ်ဖြည့် ပြီးတော့မှ ၁.၂ ဘီလီယံမရရင်တောင် သန်း၇၀၀လောက်ဖြည့်လို့ရမယ်ဆိုရင် မြို့ဝင်ကြေးကောက်တာကို ဖြုတ် လို့ရမယ်။ ဒါကိုပြောတာ သန်း(၇၀၀)လောက်ရရင် လခပေးတဲ့နေရာမှာ လုံးဝပူစရာမရှိတော့ဘူး။ ဒီအဆိုကို ကျွန်တော်တို့က လုံးဝမကန့်ကွက်ဘူး မှတ်တမ်းတင်ပေးပါပြောပေ မယ့် မရဘူး။ လွှတ်တော်ဥက္ကဋ္ဌက မဲခွဲ ဆုံးဖြတ်တဲ့အခါ ကျွန်တော်တို့ကန်ကွက်ရတာပေါ့”ဟု ဒေါက်တာအေးဇံက ပြောသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ မေလက ဟင်္သာဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းတစ်ပုဒ်တွင် မွန်ပြည်နယ်စည်ပင် အနေဖြင့် လာမည့် ဘဏ္ဍာနှစ်တွင် မြို့ဝင်ကြေးကောက်ခံခြင်းကို ကုမ္ပဏီများအား လေလံစနစ်ဖြင့် ပြန်ပေးသွား ရန် စီစဉ်နေသည်ဟု စည်ပင်ဝန်ကြီးဦးမင်းကျော်လွင်က ပြောကြားကြောင်း သတင်းတစ်ပုဒ်ဖော်ပြပါရှိခဲ့သေးသည်။ ယခုလိုအခြေအနေမျိုးတွင် ပြည်နယ်စည်ပင်ဝန်ကြီး၏ မှတ်ချက်မရသဖြင့် ယင်းအခြေအနေကို မည်သို့ စီစဉ်မည်ကို အတည်မပြုနိုင်ခဲ့ပေ။

စစ်ကိုင်းတိုင်းမုံရွာမြို့တွင် မုံရွာစည်ပင်သာယာရေးအဖွဲ့က မြို့ဝင်ကြေး ဘီးခွန်းကို တစ်နှစ်တာပေးဆောင်ပါက ယာဉ်ရပ်နားခနှင့် မြို့ဝင်ကြေးကင်းလွတ်ခွင့်ရရှိမည်ဟု မြို့ဝင်ကြေးဖြစ်ရပ်အတွက် အဖြေရှာသည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း မန္တလေးတိုင်းဒေသကြီးမှတ်ပုံတင်မဟုတ်သည့် မော်တော်ယာဉ်များကို လက်ရှိအစိုးရသက်တမ်းအတွင်း မြို့ဝင်ကြေးကောက်ခံမည်မဟုတ်ကြောင်း မန္တလေးတိုင်းအစိုးရက ကြေငြာထားသည်။

ထိုနည်းတူပင် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင်လည်း မြို့ဝင်ကြေးကောက်ခံမှုကို ရပ်ဆိုင်းခဲ့သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း မြို့ဝင်ကြေးဂိတ်ကောက်ခံမှုကို ၂၀၁၈ခုနှစ်၊ ဧပြီလကပင် ရပ်ဆိုင်းခဲ့ သည်။

အများပြည်သူဝေဖန်မှုမြင့်တက်နေသည့်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကတော့ မြို့ဝင်ကြေး ဂိတ်ကောက်ခံမှုအခြေအနေကို ဖြေရှင်းရန် ယခုလိုစဉ်းစားထားသည်။

“၃လနဲ့ ၆လလောက် တစ်ချက်ကြည့်လိုက်ရင် အရပ်ရပ် အခွင့်ရေးလိုင်စင်ဆီကနေ ဘယ်လောက်ဝင်မလဲ။ ကျွန်တော်တို့ တွက်ထားတာကတော့ ဝ.၇ ဘီလီယံလောက်ပိုလာရင် ၂၆ရာခိုင်နှုန်းကိုထိန်းထားနိုင်ပြီးဆိုရင် ကျွန်တော်တို့ မြို့ဝင်ကြေးကောက်တာရပ်လိုက်တော့မှာပါ။ ဘယ်ကုမ္ပလီကိုမှလဲမပေးဘူး။ ကညနမှာလည်း မကောက်တော့ဘူး။ နောက်နှစ်တောင်မကြာတော့ပါဘူး”ဟု ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရရဲ့ အဖြေရှာဖွေမှုက လက်ရှိဖြစ်ပေါ်နေသည့် မြို့ဝင်ကြေးဂိတ် ဂယက်ကို ဖြေရှင်းပေးနိုင်မှာလား … ဆက်လက် ဂယက်ထနေအုံး မည်လားဆိုတာကတော့ စောင့်ကြည့်ရအုံးမည်။

နောင်ခန့်ရေးသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.