မြို့နယ်ပြင်ပတွင် ခွင့်ပြုချက်မရှိနေထိုင်လျက်ရှိသော နိုင်ငံခြားသားများကို စစ်ဆေးအရေးယူမည်

0
4611

ရေး ၊ စက်တင်ဘာ

ရေးမြို့ပေါ်မှအပ မြို့နယ်ပြင်ပကျေးရွာများတွင် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများအား စစ်ဆေးအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က ပြောကြားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့မွန်းလွဲပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း နိုင်ငံခြားသားများလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများအားတွေ့ဆုံစဉ် ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

ဦးမျိုးခိုင်က ” နိုင်ငံတော်သမ္မတရုံးရဲ့ညွှန်ကြားချက်အရ ရေးမြို့ပေါ်ကို နိုင်ငံခြားသားများကိုခွင့်ပြုထားတယ်၊ မြို့ပြင်ကိုသွားမယ်ဆိုရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ခွင့်ပြချက်လိုအပ်မှာပါ၊ ခွင့်ပြုချက်မရှိဘူးလို့ စစ်ဆေးတွေ့ရှိခဲ့လို့ရှိရင် ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးလတ်တလောပြဋ္ဌာန်းချက်များအက်ဥပဒေပုဒ်မ ဗီဇာစည်းကမ်းဖောက်ဖျက်တဲ့ပုဒ်မ ၁၃ တစ်နဲ့တရားစွဲမှာဖြစ်ပါတယ် ” လို့ ပြောသည်။

ပြစ်မှုပြစ်ဒဏ်များအနေဖြင့် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိလည်းကောင်း၊ ငွေဒဏ်ဖြင့်လည်းကောင်း၊ ငွေဒဏ်နှင့်ထောင်ဒဏ်သော်လည်းကောင်း ချမှတ်ခံရနိုင်ပြီး မြို့ပေါ်တွင်လာရောက်နေထိုင်မည်ဆိုပါက ကုမ္ပဏီတာဝန်ရှိသူတိုင်းရင်းသားတစ်ဦးမှ အိမ်ရှင်ထံတွင် အိမ်ရှင်အိမ်ငှားစာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး သက်တမ်းရှိတဲ့ကုမ္ပဏီလက်မှတ်၊ ပုံစံ ၆၊ ပုံစံ ၂၆ တို့နှင့်အတူ နိုင်ငံခြားသားရောက်ရှိသည့်အချိန်တွင် နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ ရက်စွဲ၊ နေခွင့်တို့ပြည့်စုံစွာပါဝင်သောမိတ္တူများအား လဝကရုံးထံ ၂၄ နာရီ လာရောက်လျှောက်ထားနိုင်ပါကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲပါ စာအမှတ် ၄၀၁ (၂၇၆)/၁၁/သမ္မတရုံး အရ လုံခြုံရေးကန့်သတ်ချက်ရှိသည့်နယ်မြေများကို နိုင်ငံခြားခရီးသွားများ၊ သံတမန်များ၊ အခြားအဖွဲ့အစည်းများခရီးသွားရန်ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနသို့လည်းကောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့အနေဖြင့် တိုင်းစစ်ဌာနချုပ်များသို့လည်းကောင်း အသိပေးပေါင်းစပ်ညှိနှိုင်းမှု ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ” ဒီနှစ်ထဲ ရေးမှာ နိုင်ငံခြားသားတွေပါဝင်တဲ့ စက်ရုံတွေလာတည်နေကြတာရှိတယ်၊ ရေးမှာ NCA လက်မှတ်ထိုးထားတဲ့ ကရင်ရယ် မွန်ရယ်ရှိတာပေါ့၊ လက်နက်ကိုင်ပဋိပက္ခလည်း အတော်နည်းသွားပြီ၊ လုံခြုံရေးအရ ထိုက်သင့်သလောက် စိတ်ချရပြီလို့ယူဆတယ်၊ ဒီ့အတွက် ကန့်သတ်ထားတဲ့ဧရိယာကိုဖွင့်ပေးရင်တော့ ရေးမြို့နယ်အတွက် ပိုပြီးဖွံ့ဖြိုးတိုးတက်လာသလို ခရီးသွားလုပ်ငန်းတွေလဲပိုမိုကောင်းလာမှာဖြစ်လို့ ဒေသခံတွေဝင်ငွေပိုကောင်းလာမယ်လို့မြင်ပါတယ် ” ဟု မှတ်ချက်ပြုသည်။

မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့အတွင်း နိုင်ငံခြားသားများကို သွားလာခွင့်ပြုထားပြီး ရေးမြို့နယ်အပါအဝင် ဘီးလင်း၊ သထုံမြို့နယ်တွေမှာ မြို့ပေါ်ခွင့်ပြုပေးထားကာ မြို့ပြင်တွင် ခွင့်ပြုချက်ရယူရမှာဖြစ်ပြီး ကျိုက်မရောမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ခွင့်ပြုချက်ရယူပြီးမှသာ နေထိုင်ရန် သတ်မှတ်ထားကြောင်းနှင့် ယခုနှစ်အတွင်း လဝကအက်ဥပဒေအရ ရေးမြို့နယ်ပြင်ပတွင် ခွင့်ပြုချက်မရှိဘဲနေထိုင်သူ တရုတ်နိုင်ငံသား ၄ ဦးအား အရေးယူခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.