လုပ်ပိုင်ခွင့်အလွဲသုံးမှုများကို မွန်ပြည်နယ်လွှတ်တော်မှ တရားဝင်ရှုံ့ချဖို့လိုသည်

ယခင်မွန်ပြည်နယ်အစိုးရလက်ထက်နောက်ဆုံးသက်တမ်းတွင် အလျင်စလိုဖွင့်လှစ်သွားသော မော်လမြိုင်ကမ်းနားလမ်းအဆင့်(၆)မှာ မိုးအဝင်ကာလတွင်ပင် လမ်းပေါ်ရေကျော်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ပြည်သူ များအကြားဝေဖန်မှုအကြီးအကျယ်ရှိလာခဲ့သည်။

ထိုအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ကလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင် နိုင်ဦး၏ အဆိုပါကမ်းနားလမ်းလုပ်ငန်းပြန်လည်စိစစ်ရန်အဆိုမှာအောင်မြင်ခဲ့ပြီး စိစစ်ရေးကော်မတီဖွဲ့ကာ စိစစ် ခဲ့ပြန်သည်။

ပြီးခဲ့သော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုပါစိစစ်ရေး ကော်မတီက တွေ့ရှိချက်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကာ အများပြည်သူသိရှိစေရန် ကြေငြာခဲ့သည်။

အဆိုပါအစီရင်ခံစာပါ အချက်များမှ အချို့ကို ထုတ်နုတ်ရသော် –

(၁) မွန်ပြည်နယ်စည်ပင်ကော်မတီမှ စီမံကိန်းလုပ်ငန်းစတင်ချိန်မှ ပြီးဆုံးချိန်အထိညွှန်ကြားချက်အရ လေ့လာ စစ်ဆေးနိုင်မှုမရှိခြင်း၊ လုပ်ငန်းပြီးစီးသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ဆောက်လုပ်သူကုမ္ပဏီငွေ(၁၀)ရာခိုင် နှုန်းသာသွင်းထားခြင်းအပေါ်လက်ခံထားပြီး ကျန်ငွေများကို ထပ်မံပေးသွင်းခြင်းမရှိသည့်အပေါ် တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိခြင်း၊ ပြည်နယ်စည်ပင်သို့ပေးသွင်းရမည့် မြေဧကနှင့် ငွေပမဏာကိုလျော့ပေါ့ပေးသွင်းရန် အသနား ခံခြင်းအပေါ် လက်ခံခဲ့ခြင်းဖြင့် အခွင့်အရေးပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း

(၂) တာဝန်ယူဆောက်လုပ်သည့် စုန်ရေကုမ္ပဏီမှ စည်ပင်သာယာကော်မတီသို့ လုပ်ငန်းပြီးစီးကြောင်းလွှဲပြောင်း ပေးခဲ့သည်ဟု ဆိုသော်လည်း စည်ပင်သာယာရေးကော်မတီမှလက်ခံရရှိခြင်းမရှိသေးကြောင်း ကွဲလွဲချက်တွေ့ရှိ ခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များအားနည်းချက်ရှိခဲ့ပြီး လမ်းပေါ်ရေကျော်ခြင်း အခြေအနေများဖြစ်ပေါ်လောက် သည်အထိ လုပ်ငန်းကို အဆင်ပြေသလိုဆောင်ရွက်ခဲ့ခြင်း၊ လုပ်ငန်းဆိုင်ရာကြုံတွေ့မှုများနှင့်ပတ်သက်ပြီး လုပ်ငန်းစိစစ်ရေးကော်မတီသို့ တင်ပြခြင်းမရှိပဲ ကိုယ်ပိုင်ဆန္ဒဖြင့် ဆောင်ရွက်ခဲ့ခြင်းများ၊ စာချုပ်ပါသဘောတူညီ ချက်များအရ ပြန်လည်ပေးသွင်းရမည့်ငွေကို အပြည့်အဝပေးသွင်းခြင်းမရှိပဲ (၁၀)ရာခိုင်နှုန်းသာပေးသွင်းရခြင်း

(၃) ယခင်မွန်ပြည်နယ်အစိုးရမှ လုပ်ငန်းနောက်ဆက်တွဲကိစ္စရပ်များအတွက် လွှတ်တော်သို့အသိပေးခြင်းမရှိ ခြင်း၊ လုပ်ငန်းလုပ်ဆောင်မှုဆိုင်ရာ အစီရင်ခံတင်ပြမှုမရှိခြင်း၊ ပုဂ္ဂလိကကုမ္ပဏီနှင့်ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို စည်းနှောင်မှုမရှိပဲ အလွယ်တကူပြုပြင်နိုင်ရန် ခွင့်ပြုခြင်း စသည်များကို တွေ့ရှိရပါသည်။

အစိုးရတို့မည်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် တာဝန်ခံခြင်းဖြစ်ရာ အထက်ဖော်ပြပါအစီရင်ခံ စာအရဆိုလျှင် တာဝန်ခံခြင်းမရှိယုံသာမက လုပ်ပိုင်ခွင့်များအပေါ်အလွဲသုံးစားပြုမူခဲ့သည်ဟု ယူဆရသည်။

အဆိုပါအချက်များသည် တိုင်းပြည်ဖွံ့ဖြိုးတက်ရေးကို ဆောင်ရွက်ရန် အဟန့်အတားဖြစ်ရုံသာမက အဂတိပြုမှုအတွက် အားပေးအားမြှောက်ပြုသည်ဟု ယူဆရသည်။ ယခုဖော်ပြချက်သည် ယခင်အစိုးရအတည် ပြုသွားခဲ့သော လုပ်ငန်းများစွာအနက်မှ တစ်ခုတည်း၏ တွေ့ရှိချက်သာလျှင်ဖြစ်ပြီး အခြားသောလုပ်ငန်းများ၏ အားနည်းချက်များကို ပြည်သူများ နေ့စဉ်နှင့် အမျှခံစားနေရသည်ကို မီဒီယာအများတွင် တွေ့ရှိနေရသည်။

ဒီမိုကရေစီအစိုးရခေတ်တွင် အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုတိုင်းသည် ပွင့်လင်းမြင်သာမှုကို အခြေခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်ရသည်ရှိရာ အထက်ပါလုပ်ငန်းအပေါ်တွင် လုပ်ပိုင်ခွင့်ကို အသုံး ပြုပြီး အလွဲသုံးစားပြုခဲ့သည်ကို လက်ခံခဲ့သော ယခင်အစိုးရတစ်ဖွဲ့လုံးနှင့် စုန်ရေကုမ္ပဏီတို့အား မွန်ပြည်နယ် လွှတ်တော်မှ တရားဝင်ရှုံ့ချကြောင်း ကြေငြာရန်၊ ထို့အပြင် ယခင်အစိုးရ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက် သွားသော အခြားလုပ်ငန်းများကိုလည်း ထပ်မံစိစစ်ပေးခြင်းဖြင့် လွှတ်တော်၏ တာဝန်ခံမှု၊ တာဝန်ယူမှုကို အပြည့်အဝဖော်ဆောင်ခြင်းဖြင့် လွှတ်တော်အခန်းကဏ္ဍကိုမြင့်တင်ရန် တိုက်တွန်းလိုသည်။

လက်ရှိအသစ်တက်လာသော အစိုးရသည်လည်း ယင်းတို့တာဝန်ယူစဉ်ကာလတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုပြည့်ဝစွာဖြင့် ဆောင်ရွက် ရန် ယခုကိစ္စကို အခြေခံပြီး တိုက်တွန်းလိုသည်။

ရှေ့ဆက်လုပ်ငန်းများတွင် မွန်ပြည်နယ်လွှတ်တော်၏ လုပ်ငန်းများပိုမိုထိရောက်အောင်မြင်ရေးအတွက် မိမိတို့၏ရပ်တည်ချက်၊ ပါတီ၏ညွှန်ကြားချက်၊ လွှတ်တော်လုပ်ငန်းများ၏ အားကောင်းချက်ဖြစ်စေဖို့ လွှတ်တော် ကိုယ်စားလှယ်များအားလုံးသိရှိနားလည်ဆောင်ရွက်ဖို့ လိုပါသည်။

အနာဂတ်သည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးသို့ ဦးတည်လာနိုင်သည်ရှိရာ တိုင်းရင်း သားဒေသလွှတ်တော်များ၏ ဥပဒေပြုလုပ်ပိုင်ခွင့်နှင့် လွှတ်တော်လုပ်ငန်းစနစ်တကျအားကောင်းလာရေး အတွက် လက်ရှိကိုယ်စားလှယ်အားလုံး အုတ်မြစ်ချနိုင်မည်ဟု မျှော်လင့်လျက် တိုက်တွန်းအပ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.