ဘန်ကောက် အောက်တိုဘာ ၃
ထိုင်းနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ရတဲ့ ပြည်သူတွေကို အကူအညီ ပိုမိုမြန်ဆန်စွာ ပေးနိုင်ဖို့အတွက် အစိုးရက အိမ်ထောင်စု သန်း ၃၀ ကို လွှမ်းခြုံပေးမယ့် သဘာဝဘေးအာမခံအစီအစဉ်ကို အောက်တိုဘာ ၁ ရက်ကစပြီး စတင်လိုက်ပါတယ်။
ဒုတိယပြည်ထဲရေးဝန်ကြီး ဂျီဆက်ထိုင်ဆက် ရဲ့ ပြောကြားချက်အရ အာမခံအစီအစဉ်ဟာ အောက်တိုဘာ ၁ ရက် မနက် ၁၂ နာရီ ၁ မိနစ်ကစပြီး အသက်ဝင်လာတာဖြစ်ပြီး ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းက အိမ်တွေကို ရေကြီးမှု၊ လေမုန်တိုင်းနဲ့ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် အကျုံးဝင်စေမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်အတွက် ထိုင်းအစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ ဘတ် ၁၅ ဒသမ ၅ ဘီလီယံ အသုံးပြုဖို့ အတည်ပြုခဲ့ပါတယ်။ ဘဏ္ဍာငွေကို ၂၀၂၆ ဘဏ္ဍာနှစ် ဗဟိုဘတ်ဂျက်ထဲက အရေးပေါ်နဲ့ လိုအပ်တဲ့အသုံးစရိတ်တွေအတွက် သီးသန့်ထားရှိတဲ့ ရန်ပုံငွေကနေ အသုံးပြုမှာ ဖြစ်ပါတယ်။
လက်ရှိအစိုးရက ပေးနေတဲ့ သဘာဝဘေးအကူအညီတွေကို အစားထိုးဖို့မဟုတ်ဘဲ ရှိပြီးသား အကူအညီပေးရေးစနစ်ကို ဖြည့်စွက်ပေးဖို့ ဒီအာမခံအစီအစဉ်ကို စတင်တာလို့ ဆိုပါတယ်။
သဘာဝဘေးဖြစ်ပွားပြီးမှ ထိခိုက်ပျက်စီးမှုတွေ စစ်ဆေးကာ လျော်ကြေးနဲ့ အကူအညီပေးရတဲ့ လက်ရှိစနစ်မှာ အချိန်ကြန့်ကြာမှုတွေ ရှိနိုင်တာကြောင့် အာမခံစနစ်အသစ်ကနေတဆင့် ဘေးသင့်ပြည်သူတွေဆီ အကူအညီတွေ ပိုမိုမြန်ဆန်စွာ ရောက်ရှိပြီး ပုံမှန်ဘဝကို အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။
ဒါ့အပြင် သဘာဝဘေးတွေဟာ မကြာခဏဖြစ်ပေါ်လာပြီး ပြင်းထန်မှုလည်း ပိုများလာတာကြောင့် နှစ်စဉ် သဘာဝဘေးအကူအညီအတွက် ကုန်ကျမယ့်ပမာဏကို အစိုးရအနေနဲ့ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲနေတယ်လို့ ဒုတိယပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အစီအစဉ်စတင်ချိန်မှာ ပြည်နယ်အသီးသီးနဲ့ ဘန်ကောက်အာဏာပိုင်တွေကို အာမခံရယူနိုင်မယ့် စည်းမျဉ်း၊ သတ်မှတ်ချက်နဲ့ လုပ်ငန်းစဉ်တွေကိုလည်း ရှင်းလင်းပေးထားပါတယ်။
သဘာဝဘေးဖြစ်ပွားလာရင် ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးအတည်ပြုပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက်လည်း အာမခံအခွင့်အရေးရယူတဲ့ လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ ရိုးရှင်းလွယ်ကူစေဖို့ ညွှန်ကြားထားပါတယ်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့လျှော့ချရေးဦးစီးဌာန နဲ့ အာမခံကော်မရှင်ရုံးတို့ကလည်း ဒေသအလိုက် သဘာဝဘေးဖြစ်ပွားမှုအချက်အလက်တွေကို ချိတ်ဆက်အသုံးပြုနိုင်မယ့်စနစ်တစ်ခု ဖော်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေနဲ့ တာဝန်ရှိသူတွေအတွက် လုပ်ထုံးလုပ်နည်း လမ်းညွှန်စာအုပ်ကိုလည်း ပူးပေါင်းထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အောက်တိုဘာ ၁ ရက်မတိုင်ခင် ဖြစ်ပွားခဲ့ပြီးသား သဘာဝဘေးကြောင့် ပျက်စီးမှုတွေနဲ့ အောက်တိုဘာ ၁ ရက်နောက်ပိုင်း အာမခံအသက်ဝင်ချိန်မှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေကို သီးခြားခွဲခြားဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့လျှော့ချရေးဦးစီးဌာနက သတိပေးထားပါတယ်။
Ref:nationthailand

