ကျိုက်ထို၊ အောက်တိုဘာ ၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာနဲ့ မဲရုံးကြီးကျေးရွာတွေမှာ လက်နက်ကြီးကျလို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ တပ်မ ၄၄ ကနေ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ဇီးကုန်းရွာထဲရှိ ဦးမောင်အေး နေအိမ်အနီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သလို သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ ကနေ မဲရုံးကြီးကျေးရွာကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကျေရွာအနီး တောင်ထန်းခြံထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာ ဖြစ်ပြီး အခုတစ်ကြိမ် အများပြည်သူ နေအိမ်တွေနား ကျရောက်တာဖြစ်လို့ ထိခိုက် သေဆုံးမှုတွေ ရှိလာတာဖြစ်တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဦးမောင်အေးရဲ့ အသက် ၃ နှစ်အရွယ် သားဖြစ်သူ ချစ်ကျော်လင်းမှာ နေရာမှာပင် သေဆုံးသွားပြီး နေအိမ်လည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် တောင်ထန်းခြံအတွင်း အလုပ်လုပ်နေတဲ့ အသက် ၄၀ ကျော်အရွယ် ဦးကျော်စိုးဆိုသူမှာလည်း တင်ပါးမှာ ကျည်စမှန် ဒဏ်ရာရခဲ့ပြီး တောင်ထန်းပင်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့တုန်းကလည်း ငှက်ပျောတောကျေးရွာကို လက်နက်ကြီးကျသေးလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.