နယူးဒေလီ အောက်တိုဘာ ၂

အိန္ဒိယနိုင်ငံမှာ မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ပိုမိုပြင်းထန်လာနေချိန်မှာ Gen Z လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ်ပါတီ Cockroach Janta Party (CJP) နဲ့ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူအဖွဲ့တွေက အောက်တိုဘာ ၂ ရက်မှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး အိန္ဒိယရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ဂျနက်ရှ် ကူးမား နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

CJP ပါတီက မွမ်ဘိုင်းမြို့မှာ ဆန္ဒပြမှု စတင်ပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံတစ်ဝန်းရှိ မြို့အများအပြားအထိ လှုပ်ရှားမှုကို တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

နယူးဒေလီမြို့ ဂျန်တာမန်တာမှာလည်း ကျောင်းသားနဲ့ အရပ်ဘက်အဖွဲ့တွေ စုဝေးဖို့ ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့က လူ တချို့ကို ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ပြီး အနီးဝန်းကျင် လုံခြုံရေးကို တင်းကျပ်ထားခဲ့ပါတယ်။

အခုဆန္ဒပြမှုတွေရဲ့ အဓိကအကြောင်းရင်းကတော့ အိန္ဒိယနိုင်ငံတစ်ဝန်း ဆောင်ရွက်နေတဲ့ မဲဆန္ဒရှင်စာရင်း စိစစ်ပြင်ဆင်ရေးလုပ်ငန်းစဉ် ဖြစ်ပါတယ်။

ဆန္ဒပြသူတွေနဲ့ ဝေဖန်သူတွေက ဒီလုပ်ငန်းစဉ်ကြောင့် သန်းနဲ့ချီတဲ့ မဲပေးခွင့်ရှိသူတွေ မဲစာရင်းကနေ ဖယ်ရှားခံခဲ့ရတယ်လို့ ပြောဆိုထားပြီး မဲစာရင်းပြောင်းလဲမှုတွေဟာ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ဦးဆောင်တဲ့ BJP ပါတီကို အကျိုးရှိစေနိုင်တယ်လို့ စွပ်စွဲထားကြပါတယ်။

ဒါပေမဲ့ အိန္ဒိယရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရဘက်က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ကော်မရှင်က မဲစာရင်း ပြန်လည်စိစစ်မှုဟာ ထပ်နေတဲ့ အမည်တွေ၊ သေဆုံးပြီးသူတွေနဲ့ မဲပေးခွင့်မရှိသူတွေကို ဖယ်ရှားပြီး မဲစာရင်းမှန်ကန်တိကျစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်အပေါ် ဖိအားတွေဟာ စက်တင်ဘာလအတွင်း ပိုမြင့်တက်လာခဲ့ပါတယ်။

The Indian Express ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ဂျနက်ရှ်ကူးမားနဲ့အတူ တာဝန်ထမ်းဆောင်နေတဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးက ပြီးခဲ့တဲ့ ၁၀ လအတွင်း မဲစာရင်းပြင်ဆင်မှု၊ မဲဆန္ဒရှင် မှတ်ပုံတင်လုပ်ငန်းစဉ်နဲ့ ကော်မရှင်ရဲ့ ဒီဂျစ်တယ် စနစ် တွေအပေါ် စိုးရိမ်ချက်တွေ အကြိမ်ကြိမ် တင်ပြခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကော်မရှင်ဘက်ကတော့ အမြင်ကွဲလွဲမှုတွေဟာ အဖွဲ့တွင်း ဆွေးနွေးဆုံးဖြတ်မှုလုပ်ငန်းစဉ်ရဲ့ ပုံမှန်အစိတ်အပိုင်းဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

“ပိုးဟပ်” လူငယ်လှုပ်ရှားမှုဟာ ၂၀၂၆ ခုနှစ်အတွင်း အလုပ်လက်မဲ့ပြဿနာနဲ့ စာမေးပွဲမေးခွန်းပေါက်ကြားမှုတွေအပေါ် လူငယ်တွေရဲ့ အွန်လိုင်းမကျေနပ်မှုတွေကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပိုးဟပ်ပါတီ အဖြစ် စုစည်းလှုပ်ရှားလာတာ ဖြစ်ပါတယ်။

CJP ဘက်ကတော့ ဂျနက်ရှ်ကူးမား နုတ်ထွက်ပေးတဲ့အထိ ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။

အဓိကအတိုက်အခံ ကွန်ဂရက်ပါတီ ဦးဆောင်တဲ့ အဖွဲ့တွေကလည်း အောက်တိုဘာ ၆ ရက်ကစပြီး အလားတူတောင်းဆိုချက်တွေနဲ့ ဆန္ဒပြဖို့ စီစဉ်ထားတာကြောင့် အိန္ဒိယရဲ့ မဲစာရင်းပြင်ဆင်မှုနဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် အငြင်းပွားမှုတွေ ဆက်လက်မြင့်တက်လာနိုင်တဲ့ အခြေအနေရှိနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.