ဘေဂျင်း၊ စက်တင်ဘာ ၁၆
နိုင်ငံတွေအနေနဲ့ ရန်လို ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားကြဖို့နဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ ရာဇဝင်ဆိုင်ရာ လမ်းကြောင်း ပုံစံတွေ ပြန်ပေါ်လာမှုကို တားဆီးရေး တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင် ဂျန်က စက်တင်ဘာ ၁၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ဘေဂျင်း ရှန်ချန်း လုံခြုံရေး ညီလာခံမှာ ပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက်တွေက ထိုင်ဝမ်ကို တရုတ် ပိုင်တယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်တဲ့ ဒေသဆိုင်ရာ တင်းမာမှုတွေ တောင်တရုတ်ပင်လယ် ရေလမ်းကြောင်းဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အာရှအတွက် အမေရိကန်ရဲ့ အစဉ်အလာ လုံခြုံရေး ကတိတွေနဲ့ ပတ်သက်လို့လည်း သံသယတွေ ထွက်ပေါ် နေချိန်မှာ အခုလို ပြောဆိုတာပါ။
ကမ္ဘာကြီး ပြိုကွဲနိုင်တဲ့ အခိုက်အတန့်ကို ရောက်ရှိနေပြီလို့ သတိပေးရင်း သူက နိုင်ငံတကာ တင်းမာမှုတွေကို ဖြေရှင်းရေး ပိုပြီး သစ်လွင်တဲ့ ပိုပြီး တူညီတဲ့ ချဉ်းကပ်မှု လုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ သူက အသေးစိတ် အခြေအနေ အနည်းငယ်ကိုပဲ ထုတ်ပြောပြီး ပြိုင်ဖက်တွေကို တိုက်ရိုက် ဝေဖန်တာတော့ မရှိပါဘူး။
မိမိတို့အနေနဲ့ သမိုင်း သင်ခန်းစာတွေကို စိတ်ထဲမှာ မှတ်ထားရမှာ ဖြစ်ပြီး ကြီးစိုးလွှမ်းမိုးမှု၊ စစ်လိုလားမှုနဲ့ ရာဇဝင်ဆိုင်ရာ ပြန်လည် ပြင်ဆင်ရေး ဝါဒ သရုပ်သကန် အားလုံးကို အများကြီး သတိရှိရှိနဲ့ ဆန့်ကျင်ရမှာ ဖြစ်ကြောင်း သူက လုံခြုံရေးညီလာခံ အဖွင့် မိန့်ခွန်းမှာ ပြောပါတယ်။
အဲဒီလို အပြုအမူမျိုးကို မိမိတို့အနေနဲ့ မျက်စိမှိတ်ထားလို့ မရဘဲ တရားမျှတရေး နိုင်ငံ အများအပြားပါဝင်တဲ့ အင်အားစုတွေ ဖွဲ့ပြီးတော့ အန္တရာယ် ဖြစ်အောင် အဲဒီလို အခြေအနေတွေကို အသုံးမချစေရေး ကြိုးတင် ကာကွယ်ရမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်လည်း ဝင်ပါရလိမ့်မယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာ အိချီက ပြောကြားခဲ့ပြီးနောက် တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်က ဆိုးရွားတဲ့ အခြေအနေသို့ ရောက်ရှိသွားခဲ့ပါတယ်။
ဒီလို အခြေအနေကြောင့် ဂျပန်ဟာ အရင်က စစ်လိုလားတဲ့ အတိတ်ဆီ ပြန်သွားဖို့ ကြိုးပမ်းနေတယ်လို့ ဘေဂျင်းက အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။
အဲဒီအချိန်က တရုတ်ပြည်ထောင်စုနဲ့ ဂျပန်ကြား ရာနှုန်းပြည့် စစ်ပွဲ မဖြစ်ခင် ၁၉၃၁ ခုနှစ် တရုတ်ရဲ့ မန်ချူရီးယားကျွန်းကို ဂျပန်က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၇ ရက်အထိ ကျင်းပမယ့် သုံးရက်တာ ညီလာခံသို့ နိုင်ငံပေါင်း ၁၀၀ ကျော်က စစ်ဖက်ဆိုင်ရာ အရာရှိတွေ၊ သံတမန်တွေနဲ့ ပညာရှင်တွေ တက်ရောက်နေပြီး ပင်တဂွန် အကြီးတန်း အရာရှိ၊ ရုရှား ပညာရှင်တွေ၊ တာလီဘန် ကိုယ်စားလှယ်တွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးဝန်ကြီးတွေလည်း ပါဝင်နေပါတယ်။
တရုတ် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုမှုတွေဟာ အမေရိကန်နဲ့ ဒေသတွင်း အမေရိကန် မဟာမိတ်တွေကို တိုက်ရိုက် ရှင်းရှင်းလင်းလင်း ဝေဖန်တာ ဖြစ်တယ်လို့ လေ့လာသူ တချို့က ပြောဆိုထားပါတယ်။
Ref:Reuters

