မြဝတီ၊ စက်တင်ဘာ ၁၆

ကရင်ပြည်နယ် မြဝတီမြို့မှာ  ရပ်ဝေးဒေသကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့သူတွေအပါအဝင် ဒေသခံ လူငယ် ၁၀၀ ကျော်ကို စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲပြီး ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ပေါ်မှာ စစ်အုပ်စုက ည ၉ နာရီနောက်ပိုင်း ကားနဲ့လှည့်ပတ်ပြီး လမ်းပေါ်မှာတွေ့နေတဲ့ လူငယ်တွေ၊ ရပ်ဝေးအလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတွေနဲ့ လုပ်ငန်းခွင်တွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ မကြာခဏရှိနေတယ်လို့ မြဝတီမြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် မြဝတီမြို့ပေါ်မှာ ဖမ်းဆီးရမိတဲ့ ခိုးဆိုးလုယက်နေတဲ့သူတွေနဲ့ ရပ်ကွက်ထဲ သောင်းကျန်းနေတဲ့သူတွေ အမူးသမားတွေကိုပါ ဖမ်းဆီးပြီး စစ်အုပ်စုထိန်းချုပ်တဲ့ မြို့ပေါ်က နေရာတစ်နေရာမှာ ချုပ်နှောင်ထားကာ ကြားသိရတဲ့စာရင်းအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၀၀ ကျော်ကနေ ၂၀၀ ဝန်းကျင်အထိ ရှိတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီလိုဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို မြဝတီမြို့ပေါ်ရှိ စစ်အုပ်စုက ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းသင်တန်းအတွက် စစ်သားစုဆောင်းခြင်းခံရတဲ့အဖွဲ့ထဲကို လစဉ် သွားရောက်ပို့ဆောင်နေပြီး စစ်မှုထမ်းသင်တန်း တက်ရောက်ခိုင်းစေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ အတွက် ကရင်ပြည်နယ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၅၀ ထက်မနည်း စစ်မှုထမ်းသင်တန်း ပို့ဆောင်ခံခဲ့ရပြီး ကရင်ပြည်နယ်က စစ်မှုထမ်းအပတ်စဉ်တိုင်းမှာ သင်တန်းသားဦးရေ မပြည့်မှီတာကြောင့် ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်သွားဖို့ ပြည်နယ်စစ်အစိုးရက ညွှန်ကြားထားတာပါ။

မြဝတီမြို့ပေါ်မှာ ပျောက်ဆုံးသွားတဲ့ လူရွယ်လူငယ်တွေအများစုဟာ ကရင်ပြည်နယ်က စစ်မှုထမ်းသင်တန်းမှာ ရောက်ရှိသွားခဲ့ပြီး ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူရဲ့ မိသားစုဝင်တွေက ငွေကြေးနဲ့ ပြန်လည်ရွေးယူလိုပေမယ့် ပြန်ရွေးလို့ မရတော့ဘူးလို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ဘားအံမြို့အပါအဝင် မြို့တွေတချို့မှာ ညဘက်ပိုင်းမှာ လူတွေအများစု အပြင်မထွက်ကြတော့ တိတ်ဆိတ်ခြောက်ကပ်သွားသလို မြို့တွင်းထဲ ဈေးရောင်းဈေးဝယ်တွေ ပြည်နယ်လာရောက်လည်ပတ်သူတွေ အရင်ကထက် ပိုပြီး လျော့နည်းလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.