တိုကျို၊ စက်တင်ဘာ ၁၆

အွန်လိုင်းကနေ တက္ကစီ ခေါ်ယူလို့ရတဲ့ အက်ပလီကေးရှင်း ပိုင်ဆိုင်ထားတဲ့ GO ကုမ္ပဏီ၊ Waymo LLC နဲ့ တိုကျိုမြို့ တက္ကစီလုပ်ငန်း Nihon Kotsu တို့နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ စီးပွားဖြစ် တက္ကစီဝန်ဆောင်မှုကို ၂၀၂၇ ခုနှစ်အတွင်း တိုကျိုမြို့မှာ အသုံးပြုလို့ရတော့မှာ ဖြစ်ပါတယ်။

မောင်းသူမဲ့ တက္ကစီ ပြေးဆွဲမယ့် အဲဒီ အစီအစဉ်ကို အဲဒီ ကုမ္ပဏီ သုံးခုက စက်တင်ဘာ ၁၅ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဝန်ဆောင်မှုအတွက် မောင်းသူမဲ့ တက္ကစီ အစီးရေ ၁၀၀ လောက်အထိ အသုံးပြုသွားမှာ ဖြစ်ပြီး အဆင့်လိုက် မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

တက္ကစီတွေအနေနဲ့ အဆင့် ၄ အလိုအလျောက် မောင်းနှင်မှု စနစ်ကို အသုံးပြုမှာ ဖြစ်ပြီး မောင်းနှင်ဖို့ လိုအပ်တဲ့ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မောင်းနှင်ရေး လုပ်ငန်းစဉ်တိုင်း အသုံးချနိုင်မယ့် စနစ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘေးကင်းရေးဟာ မိမိတို့ရဲ့ ထိပ်တန်း ဦးစားပေး ကိစ္စ ဖြစ်ပြီး မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို စီးပွားဖြစ် လုပ်ကိုင်ဖို့ မိမိတို့ ဆန္ဒရှိနေကြောင်း တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ဆောင်မှုဆိုင်ရာ စီစဉ်ညွှန်ကြားနေသူ အီချီရို ကာဝါနာဘီက ပြောပါတယ်။

သူဟာ GO တက္ကစီ ဝန်ဆောင်မှုနဲ့ တက္ကစီငှားရမ်းရေး ဂျပန် အဖွဲ့ချုပ် နှစ်ခုစလုံးရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး အလိုအလျောက် တက္ကစီတွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျစေမှာ ဖြစ်သလို အလုပ်သမား ပြတ်လပ်မှုကိုလည်း ဖြေရှင်းဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ သူက ပြောပါတယ်။

အဲဒီ ကုမ္ပဏီ ၃ ခုက တိုကျိုမြို့လမ်းမတွေပေါ်မှာ မောင်းသူမဲ့ယာဉ်တွေ စမ်းသပ် မောင်းနှင်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် သုံးပွင့်ဆိုင် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နည်းပညာ ကုမ္ပဏီကြီး Alphabet ရဲ့ ဌာနခွဲ တစ်ခု ဖြစ်တဲ့ Waymo က အလိုအလျောက် မောင်းနှင်ရေးစနစ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး တက္ကစီတွေရဲ့ စုရပ် နေရာတွေကို စီမံခန့်ခွဲရေးနဲ့ လုပ်ငန်းစဉ်တွေကို ကြီးကြပ်ရေး Nihon Kotsu ကုမ္ပဏီက တာဝန်ယူမှာ ဖြစ်ပါတယ်။

ဖော်သည်တွေအနေနဲ့ GO အက်ပလီကေးရှင်းကရော Waymo အက်ပလီကေးရှင်းကပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဂျပန် အစိုးရက ၂၀၃၀ ဘဏ္ဍာရေးနှစ်အတွင်း အလိုအလျောက် မောင်းနှင်ရေး ဝန်ဆောင်မှုတွေအတွက် အသုံးပြုမယ့် ဘတ်စ်ကား၊ တက္ကစီနဲ့ ကုန်တင်ကား အရေအတွက်ကို ၁၀၀၀၀ အထိ ရှိလာစေဖို့ ဆန္ဒရှိနေပါတယ်။

လက်ရှိ လက်တွဲ လုပ်ကိုင်မှုဟာ အဲဒီ ရည်မှန်းချက် အောင်မြင်ရေးဆီသို့ ကြီးမားတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်လာဖို့ မျှော်လင့်ကြောင်း ဂျပန် ပို့ဆောင်ရေးဝန်ကြီး ယာဆူရှီ ကာနီကိုက ပြောဆိုထားပါတယ်။

Ref:TheNationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.