ဒူဘိုင်း၊ စက်တင်ဘာ ၇

အီရန် နိုင်ငံတဝိုက် ရေပြင်ရှိ သင်္ဘောတွေကို အမေရိကန်နဲ့ အီရန် တပ်ဖွဲ့များက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီရန် ရေနံတင် သင်္ဘော ၃ စီးကို အမေရိကန် တပ်တွေက တိုက်ခိုက်ခဲ့ပြီး ဟောမု့ဇ် ရေလက်ကြားကို ခွင့်ပြုချက် မရှိဘဲ ဖြတ်သန်းတဲ့ ရေနံတင်သင်္ဘော ၃ စီးကို မိမိတို့ တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ပြောပါတယ်။

စက်တင်ဘာ ၅ ရက်က အမေရိကန် ရေတပ်သင်္ဘော နှစ်စီးကို အီရန်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အီရန်ရဲ့ ရေနံတင်ပို့မှု စုရပ် ခါ့ဂ်ကျွန်း ကမ်းရိုးတန်းအလွန်ရှိ သင်္ဘော တစ်စီး အပါအဝင် အီရန် သင်္ဘော သုံးစီးကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ဗဟို ကွပ်ကွဲရေးဌာနက ပြောပါတယ်။

မိမိတို့အနေနဲ့ အီရန် စစ်တပ်ကို ရှင်းရှင်းလင်းလင်း ပြောလိုတာက မိမိတို့ သင်္ဘော နှစ်စီးကို ပစ်ခတ် တိုက်ခိုက်ရင် အီရန် သင်္ဘော သုံးစီးကို တိုက်ခိုက်မှာ ဖြစ်ပြီး စီးပွားရေးအရ ပေးဆပ်ရမှု ပိုမြင့်မားအောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်တပ်ကို ကြီးကြပ်နေတဲ့ အမေရိကန် ဗဟို ကွပ်ကွဲရေးဌာနက ပြောပါတယ်။

အီရန် စစ်တပ်က ဒေသတွင်းရှိ အမေရိကန် စစ်သင်္ဘောတွေကို အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပြီး တခြားဒေသတွေမှာရှိတဲ့ အမေရိကန်နဲ့ ဆက်နွယ်တဲ့ သင်္ဘော သုံးစီးအပြင် ရေနံတင် သင်္ဘော သုံးစီးကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် အမေရိကန် စစ်တပ်ရဲ့ လှည့်စားတာ မခံကြဖို့နဲ့ ခွင့်ပြုမထားတဲ့ ရေလမ်းကြောင်းတွေကနေ ဖြတ်သန်းဖို့ ရည်ရွယ်တဲ့ သံသယ ဖြစ်ဖွယ် လှုပ်ရှားသွားလာမှုတွေကို ရှောင်ရှားကြဖို့ အီရန် ရေတပ်က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

မိမိတို့ ပြောထားတဲ့အတိုင်း မလိုက်နာရင် ပစ်မှတ်ထား တိုက်ခိုက်ခံရမယ်လို့လည်း အီရန် စစ်တပ်ရဲ့ ကြေညာချက်ကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်သံလိုင်းက ပြောပါတယ်။

ခါ့ဂ်ကျွန်းရဲ့ သင်္ဘောတွေ ရပ်နားရာနေရာမှာ ကျောက်ချထားတဲ့ ရေနံတင် သင်္ဘော တစ်စီးကို အမေရိကန် ဒုံးကျည် လေးစင်းထိမှန်ခဲ့တယ်လို့ အီရန် သတင်းဌာန Tasnim က ဖော်ပြပါတယ်။

ထိခိုက်သေဆုံးသူ မရှိခဲ့ဘဲ အဲဒီ ရေနံတင် သင်္ဘောပေါ်က အမှုထမ်းတွေကို ဘေးကင်းရာ ပြောင်းရွှေ့နိုင်ခဲ့တယ်လို့ သတင်းမှာ ရေးပါတယ်။

အမေရိကန် စစ်မှုထမ်း တစ်ဦးမှ ထိခိုက်မှု မရှိကြောင်း အမေရိကန် ဗဟို ကွပ်ကွဲရေး ဌာနက ပြောပါတယ်။

ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ပြီးခဲ့တဲ့ သီတင်းပတ်က တင်းမာမှုတွေ ပြန်လည် မြင့်တက်လာခဲ့ပြီး အခုလိုမျိုး အပြန်အလှန် တိုက်ခိုက်မှုတွေ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

အဲဒီလို အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲဆက်လက် အရှိန်ပြင်းထန်လာနိုင်တဲ့ အန္တရာယ် ရှိနေသလို ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှု အနှောင့်အယှက်တွေ ဆက်ရှိနေပါတယ်။

နိုဝင်ဘာလ လွှတ်တော် ရွေးကောက်ပွဲ မတိုင်ခင် အမေရိကန် နိုင်ငံသား အများစုက အီရန်စစ်ပွဲကို ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် အစိုးရက အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုလုပ်ပြီး စီးပွားရေး အကြပ်အတည်း ကြုံအောင် လုပ်ဆောင်နေချိန်မှာ သမ္မတ ကိုယ်တိုင်က စစ်ရေးအရ အရေးယူဖို့လည်း လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။

ခါ့ဂ်ကျွန်းကို တစ်စစီ ဖြစ်အောင် တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားပြီး ခါ့ဂ်ကျွန်း တိုက်ခိုက်ခံရရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ အီရန် အာဏာပိုင်တွေက ကြွေးကြော်ထားပါတယ်။

အီရန်ဟာ ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများ အဖွဲ့အစည်း (အိုပက်) ရဲ့ တတိယမြောက် ရေနံအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး စစ်ပွဲ မတိုင်ခင်က ခါ့ဂ်ကျွန်းက တဆင့် သူတို့ရဲ့ ရေနံစိမ်း ၉၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ လလယ်ပိုင်းက စတင်ပြီး အီရန် ရေနံတင်ပို့မှုများကို အမေရိကန်က ပိတ်ဆို့ထားတာကြောင့် ရေနံတင်ပို့မှုတွေမှာ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
‘
ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်က စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ သဘောတူညီမှု တစ်ရပ် အမေရိကန်နဲ့ အီရန်ကြား လက်မှတ်ရေးထိုးခဲ့ကြပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို အီရန် ပြည်သူ အများစုက ထောက်ခံတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

စစ်ပွဲ မတိုင်ခင်က ကမ္ဘာ့ရေနံ ထောက်ပံ့မှု ငါးပုံ တစ်ပုံ ဖြတ်သန်းခဲ့တဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားလိုက်ပြီးနောက် အမေရိကန်က အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသ တင်းမာမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှု စိုးရိမ်မှုတွေနဲ့အတူ ရေနံဈေး တစ်စည်ကို ၉၆ ဒသမ ၂၈ ဒေါ်လာ အထိ မြင့်တက်လာခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.