ဂျာကာတာ စက်တင်ဘာ ၇

အင်ဒိုနီးရှားနိုင်ငံမှာ အာနက် ကရာကက်တူ မီးတောင်ပေါက်ကွဲပြီး မီးတောင်ပြာတွေ ပျံ့နှံ့လာတာကြောင့် ဂျကာတာအပါအဝင် လေဆိပ် ၈ ခုကို ဆက်လက်ပိတ်ထားရတယ်လို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။

အာနက် ကရာကက်တူ မီးတောင်ဟာ ဂျာဗားနဲ့ ဆူမားတြား ကျွန်းနှစ်ခုကြားမှာ တည်ရှိပြီး စက်တင်ဘာ ၄ ရက် ညပိုင်းကစပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားလာတာပါ။ မီးတောင်ပြာတွေဟာ ဂျကာတာမြို့နဲ့ အနီးတဝိုက်ဒေသတွေထိ ပျံ့နှံ့လာတာကြောင့် လေယာဉ်ပျံသန်းမှု လုံခြုံရေးအတွက် လေဆိပ်တွေကို ပိတ်ထားရတာဖြစ်ပါတယ်။

ဂျကာတာကို ဝန်ဆောင်မှုပေးနေတဲ့ ဆိုကာနိုဟက်တာ လေဆိပ်ကတော့ လေယာဉ်ခရီးစဉ်တွေကို စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီအထိ ရပ်နားထားမယ်လို့ အသိပေးထားပါတယ်။

မီးတောင်ပြာကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရမှုနဲ့ အနည်းဆုံး လူ ၁၇၀,၀၀၀ ခန့် ထိခိုက်ခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ Singapore Airlines တစ်ခုတည်းမှာပင် စက်တင်ဘာ ၇ ရက် အတွက် ခရီးစဉ် ၁၈ ခု ဖျက်သိမ်းခဲ့ရပြီး စက်တင်ဘာ ၈ ရက် အစောပိုင်း ဂျကာတာက ထွက်မယ့် ခရီးစဉ်တစ်ခုလည်း ဖျက်သိမ်းခဲ့ပါတယ်။

မီးတောင်ပြာတွေဟာ ဂျာဗားဘက်မှာ အမြင့် ၆,၀၀၀ မီတာအထိနဲ့ ဆူမားတြားဘက်မှာ ၁၅,၀၀၀ မီတာ အထိ ရောက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှား မိုးလေဝသဌာန BMKG က ပြောပါတယ်။

အာဏာပိုင်တွေကလည်း မီးတောင်ပြာတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်လို့အပြင်ထွက်သွားလာတဲ့အခါ နှာခေါင်းစည်း တပ်ဆင်ကြဖို့ သတိပေးထားပါတယ်။ ဂျာကာတာနဲ့ လမ်ပွန်း ဒေသတွေမှာလည်း ကျောင်းသားတွေရဲ့ ကျန်းမာရေးအန္တရာယ်ကို လျှော့ချဖို့ ကျောင်းသင်ခန်းစာတွေကို အွန်လိုင်းကနေ သင်ကြားသွားမယ်လို့ သိရပါတယ်။

အာနက် ကရာကက်တူ ဆိုတာ “ကရာကက်တူ ရဲ့သား” လို့ အဓိပ္ပာယ်ရပြီး ၁၈၈၃ ခုနှစ်က အကြီးအကျယ်ပေါက်ကွဲခဲ့တဲ့ ကရာကက်တူ မီးတောင်ဟောင်းရဲ့ အနီးမှာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုခန့်က စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၈၈၃ ခုနှစ် ကရာကက်တူ မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ပြီး လူ ၃၆,၀၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

အင်ဒိုနီးရှားဟာ ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားတတ်တဲ့ ပစိဖိတ်မီးတောင်ရပ်ဝန်းပေါ်မှာ တည်ရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.