ဆိုးလ်၊ စက်တင်ဘာ ၇

မြောက်ကိုရီးယားရဲ့ အသစ်လွင်ဆုံး ဖျက်သင်္ဘောဟာ နျူကလီးယား တုံ့ပြန်ရေး စနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ ဖြစ်ပြီး အမြစ်ဖြတ် လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်က ပြောလိုက်ပါတယ်။

သူ့ရဲ့ ပြောဆိုချက်တွေကို စက်တင်ဘာ ၇ ရက်က မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြရာမှာ အဲဒီ သင်္ဘောမှာ နျူကလီးယား လက်နက်တွေ တပ်ဆင်သွားမလားဆိုတာ ဖော်ပြမထားပါဘူး။

မြောက်ကိုရီးယားက သူတို့ရဲ့ စစ်တပ်ကို ခေတ်မီစေဖို့ အရှိန်မြှင့် ကြိုးပမ်းနေပြီး ကင်ဂျုံအန်ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို ပိုမို အင်အားတိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။

စက်တင်ဘာ ၆ ရက်က အရှေ့ပိုင်း ဆိပ်ကမ်းမြို့ ဝမ်ဆန်မှာ ပြုလုပ်တဲ့ တပ်တော်ဝင် အခမ်းအနားမှာ ကင်ဂျုံအန်က ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ပြင်သို့ အဲဒီ သင်္ဘောအသစ်ကို ချထားမှုဟာ မြောက်ကိုရီးယားရဲ့ ရန်သူတွေကို ရှင်းရှင်းလင်းလင်း အချက်ပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ပင်လယ်ပြင်နဲ့ ရေအောက်မှာ အသုံးချဖို့ မိမိတို့ အတွက် အချိန် ကျရောက်လာပြီလို့ ကင်ဂျုံအန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး KCNA သတင်းဌာနက ဖော်ပြပါတယ်။

ခန်းကွန်လို့ နာမည်ပေးထားတဲ့ တန် ၅၀၀၀ အလေးချိန်ရှိ ဖျက်သင်္ဘောဟာ မြောက်ကိုရီးယားမှာ တပ်တော်ဝင်တဲ့ အလားတူ သင်္ဘော အမျိုးအစားထဲက ဒုတိယမြောက် စစ်သင်္ဘော ဖြစ်ပါတယ်။

စောစောပိုင်း သုံးလက မြောက်ကိုရီးယား အနောက်ဖက် ကမ်းရိုးတန်းမှာ ချိုဟွန်လို့ နာမည်ပေးထားတဲ့ ဖျက်သင်္ဘော တစ်စီး တပ်တော်ဝင်ခဲ့ပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယား ရေတပ်ရဲ့ နျူကလီးယား လက်နက် တပ်ဆင်မှုတွေ အဆင့်မြင့်လာပြီး အင်အား ဆက်လက် တိုးချဲ့သွားမှာ ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောထားပါတယ်။

မိမိတို့ရဲ့ ရေပြင် အချုပ်အခြာ အာဏာနဲ့ ဒေသဆိုင်ရာ လုံခြုံရေးကို ကာကွယ်ရေး အရေးပါတဲ့ ရေပြင်တွေမှာ အဲဒီ သင်္ဘောတွေဟာ အင်အား အကောင်းဆုံး ဗျူဟာမြောက် ပိုင်ဆိုင်မှုတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ခန်းကွန် ဖျက်သင်္ဘောဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား တုံ့ပြန်မှုစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

ခန်းကွန် သင်္ဘောမှာ ဘယ်လို လက်နက် စနစ်တွေ တပ်ဆင်သွားမလဲဆိုတာကို KCNA က အသေးစိတ် ဖော်ပြထားတာ မရှိပေမယ့် ချိုဟွန် သင်္ဘောမှာ တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေအတိုင်း တပ်ဆင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ချိုဟွန်အဆင့် ဖျက်သင်္ဘောတွေဟာ လက်နက် အမျိုးမျိုး တပ်ဆင်နိုင်ပြီး ဒုံးကျည်တွေလည်း အပါအဝင် ဖြစ်တယ်လို့ KCNA သတင်းဌာနက အရင်က ဖော်ပြခဲ့ဖူးပါတယ်။

လေ့လာသူတွေကတော့ အဲဒီ သင်္ဘောတွေဟာ နျူကလီးယား ထိပ်ဖူး တပ်ဆင် နိုင်တဲ့ သင်္ဘောတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

မြောက်ကိုရီးယား ရေတပ်ရဲ့ နောက်ထပ်တဆင့် အင်အား ဖြည့်တင်းမှုကို ရှစ်လ အတွင်း ဖော်ပြသွားမှာ ဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောကြားကြောင်း KCNA သတင်းက ဖော်ပြထားပေမယ့် အသေးစိတ်ကို ဖော်ပြမထားပါဘူး။

မြောက်ကိုရီးယား အရှေ့ဖက် ကမ်းရိုးတန်းမှာ ရေတပ် အခြေစိုက် စခန်းတွေတည်ဆောက်မှု ဆက်လက် ဆောင်ရွက်နေပြီး မိမိတို့ နိုင်ငံအနေနဲ့ ရေတပ် တပ်ဖွဲ့ အသစ်တွေ ဖွဲ့စည်းပြီး အဆင့် မတူညီတဲ့ စစ်သင်္ဘောတွေ တည်ဆောက်သွားမယ်လို့ ပြောထားပါတယ်။

ကင်ဂျုံအန်နဲ့ ဆွေးနွေးရေး ထရန့်က သူ့ရဲ့ လက်ထောက် အရာရှိတွေကို တွန်းအားပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးကြဖို့ အလိုရှိနေပါတယ်။

ထရန့်နဲ့ ကင်ဂျုံအန်ကြား အရင်က တွေ့ခဲ့ဖူးပေမယ့် အဖြေ ထွက်ပေါ်မလာခဲ့ပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.