ဘားအံ၊ စက်တင်ဘာ ၇
ကရင်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၈ သင်တန်းအတွက် လူငယ် ၅၀ ထက်မနည်း စစ်သားစုဆောင်းခံခဲ့ရတယ်လို့ စစ်တပ် အသွင်ပြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်မှုထမ်း တပ်သားစုဆောင်းခံရသူတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ နယ်မြေခံသင်တန်းကျောင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ စစ်မှုထမ်းသင်တန်းတက်ရောက်ကြမယ့်လူငယ်တွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၉၃ သိန်း ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၇ အတွက် ကရင်ပြည်နယ်အတွင်း လူအင်အားပြည့်မီခြင်းမရှိတာကြောင့် လာမယ့်အပတ်စဉ်တွေမှာ လူဦးရေပြည့်မီဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးသွားဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ပြီးခဲ့တဲ့အပတ်က သတင်းတွေထွက်ပေါ်နေခဲ့တာပါ။
လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးသွားဖို့ ဝန်ကြီးချုပ်ဦးစောမြင့်ဦး ညွှန်ကြားလိုက်တဲ့သတင်းနဲ့ ဘားအံမြို့အတွင်းရှိ အထင်ကရနေရာတွေမှာ စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးနေတဲ့သတင်းတွေဟာ သတင်းတု သတင်းမှားတွေသာဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ငြင်းဆိုထားပါတယ်။
ဒါပေမယ့် ကရင်ပြည်နယ်အတွင်းက မြို့တွေမှာ စစ်တပ်က ရပ်ကွက်ကျေးရွာတွေအတွင်း ကားတွေနဲ့လှည့်လည်ကာ စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို ပေါ်တာဆွဲ လိုက်လံဖမ်းဆီးမှုတွေဆက်ရှိနေပြီး ဒေသခံလူငယ်တွေ ဖမ်းဆီးခံနေရတယ်လို့ ဖမ်းဆီးခံလိုက်ရတဲ့မိသားစုဝင်တွေနဲ့ ဒေသခံတွေက ဆိုကြပါတယ်။
ကရင်ပြည်နယ်မှာ စစ်မှုထမ်းသင်တန်းအတွက် ရပ်ကွက်ကျေးရွာတွေမှာ မဲနှိုက်ပြီး စစ်မှုထမ်း သင်တန်းသွားရတာရှိသလို ပြည်နယ်အတွင်း စစ်မှုထမ်းအတွက် အဖမ်းအဆီးအများဆုံးရှိတဲ့မြို့ဟာ မြဝတီမြို့ဖြစ်ပြီး ရပ်ဝေးက လာရောက်အလုပ်လုပ်ကြတဲ့ သူတွေကို ပစ်မှတ်ထားဖမ်းဆီးနေကြောင်း သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

