မော်လမြိုင်၊ သြဂုတ် ၁၁
နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ မော်လမြိုင် လေယာဉ်ကွင်းအသစ် စီမံကိန်းအတွက် မြေဧက ၃၂၀၀ ကျော် သိမ်းယူမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
ဇူလိုင် ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံတော်ပြန်တမ်းအရ အဲဒီလေဆိပ်စီမံကိန်းအတွက် မုဒုံမြို့နယ်ရှိ ကျေးရွာအုပ်စု ၅ အုပ်စုက လယ်မြေဧက ၃၂၈၅ ဧကကို ပို့ဆောင်ရေးဝန်ကြီးဌာနက အလိုရှိကြောင်း ကြေညာလာပါတယ်။
သိမ်းယူမြေဧကအရ မုဒုံမြို့နယ် ဝက်တဲကျေးရွာအုပ်စု မြေဧက ၃၂၄၀ ကျော် ၊ ကျိုက်ရွဲကျေးရွာအုပ်စုက ၁၆ ဒသမ ၄၈ ဧက၊ တော်ကူးကျေးရွာအုပ်စုက မြေဧက ၇ ဒသမ ၇၇ ဧက၊ ညောင်ကုန်းကျေးရွာအုပ်စုက ၁၅ ဒသမ ၉၉ ဧက၊ ဘဲရမ်းကျေးရွာအုပ်စုက ၀ ဒသမ ၂၉ ဧက၊စုစုပေါင်း မြေဧက ၃၂၈၅ ဒသမ ၃၁ ဧက ပါဝင်ပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီမြေတွေကို ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ ၁ အရ အများပြည်သူ အကျိုးငှာ အသုံးပြုဖို့အတွက် သိမ်းဆည်းရတာလို့ ဆိုထားပါတယ်။
မြေသိမ်းယူမှု လုပ်ငန်းစဉ် ဆောင်ရွက်ဖို့ ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဂ) အရ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူးကို ကော်လိတ်တာအရာရှိအဖြစ် ခန့်အပ်ထားပါတယ်။
ဒီမြေတွေကိုတော့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ မော်လမြိုင် လေယာဉ်ကွင်းအသစ် စီမံကိန်းမှာ ပင်မလေယာဉ်ကွင်းနဲ့ လေယာဉ်ကွင်းအဝင်လမ်းမြေ နေရာအဖြစ် အသုံးပြုသွားမယ်လို့ အသိပေးထားပါတယ်။
သိမ်းယူသွားမယ့် မြေတွေအတွက် စစ်တပ် အသွင်းပြောင်း အစိုးရက ဒေသခံပြည်သူတွေကို နစ်နာကြေး လျော်ကြေးပေးချေးမှု ရှိ မရှိကိုတော့ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒေသခံတွေကတော့ သိမ်းယူမယ့်မြေအတွက် ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးချေးပေးဖို့ လိုလားနေကြပါတယ်။
၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေဟာ မြန်မာနိုင်ငံကို ဗြိတိသျှက ကိုလိုနီခေတ် အုပ်ချုပ်ရေး ကာလမှာ ပြဌာန်ထားတဲ့ ဥပဒေ တစ်ခု ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မုဒုံမြို့အနီးမှာ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတည်ဆောက်ဖို့ ကော်မတီတွေ ဖွဲ့စည်းခဲ့ပြီး အလုပ်မဖြစ်ခဲ့ပေမယ့် အရပ်သား အသွင်းပြောင်း အစိုးရ လက်ထက်မှာ အကောင်အထည် ဖော်ဖို့ ထပ်မံစီစဉ်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

