ဘေဂျင်း၊ သြဂုတ် ၁၁
သြဂုတ် ၁၀ ရက်မှာ ဟိုင်နန်ကျွန်းမှာရှိတဲ့ ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေး စခန်းကနေ ChinaSat-4B ဂြိုဟ်တု တင်ဆောင်ထားတဲ့ Long March 7A ဒုံးပျံယာဉ် လွှတ်တင်မှု ပျံသန်းရေး ခရီးစဉ် မအောင်မြင် ဖြစ်ခဲ့တယ်လို့ တရုတ်က ပြောလိုက်ပါတယ်။
ဘေဂျင်းစံတော်ချိန် ညနေ ၈ နာရီ ၂ မိနစ်မှာ အဲဒီ ဒုံးပျံယာဉ်ကို လွှတ်တင်ခဲ့တာ ဖြစ်ပြီး မအောင်မြင် ဖြစ်ခဲ့တာကြောင့် မအောင်မြင် ဖြစ်ရတဲ့ အကြောင်းရင်းကို လေ့လာ စုံစမ်း စစ်ဆေးနေတယ်လို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြထား ပါတယ်။
အဲဒီ ဒုံးပျံယာဉ်ဟာ ပျံသန်းရေး အစီအစဉ်အတွင်း မူမမှန်မှုတွေဖြစ်ပွားခဲ့တာကြောင့် လွှတ်တင်မှု မအောင်မြင် ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ဆင်ဟွာ သတင်းမှာ ရေးပါတယ်။
တရုတ် အမျိုးသား အာကာသ စီမံခန့်ခွဲရေးဌာနကို မှတ်ချက်ပေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
အာကာသ သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်ရေး စင်တာ အဖွဲ့ဝင် ဖြစ်ပြီး ဒါဟမ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ ဂျိုနသန် မက် ဒိုဝဲလ်က လွှတ်တင်မှု ဗီဒီယိုအရ အဲဒီ ဒုံးပျံယာဉ်ဟာ အမြင့်ပေ အနိမ့်ပိုင်းမှာကတည်းက လုံးဝ ပျက်စီးသွားခဲ့ပုံရတယ်လို့ ပြောပါတယ်။
ဒုံးပျံယာဉ်မှာ တင်ဆောင်ထားတဲ့ အရာတွေရော အပျက်အစီး အပိုင်းအစတွေရော ဂြိုဟ်ပတ်လမ်းထဲ ရောက်ရှိ ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
Long March 7A ဒုံးပျံယာဉ်ကို ၂၀၂၀ ပြည့်နှစ် မတ်လမှာ ပထမဆုံး လွှတ်တင်ခဲ့ပြီး နောက်ပိုင်း အခု ပထမဆုံးအကြိမ် မအောင်မြင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်က လပေါ်နဲ့ အင်္ဂါဂြိုဟ်ပေါ် အဲဒီထက် ကျော်လွန်ပြီးတော့ အာကာသထဲ သွားရောက်ဖို့ စီစဉ်ထားပြီး အာကာသ ရည်မှန်းချက် ကြီးကြီးမားမား ထားရှိထား ပါတယ်။
အဲဒီ ဒုံးပျံယာဉ်ဟာ ခရီးစဉ် ဒါဇင်ပေါင်းများစွာ အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး တစ်နှစ်အကြာမှာလည်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါသေးတယ်။
အခုလို လွှတ်တင်မှု မအောင်မြင် ဖြစ်ခဲ့တာကြောင့် ဒုံးပျံယာဉ်မှာ သုံးထားတဲ့ အစိတ်အပိုင်းတွေနဲ့ တူညီတဲ့ အစိတ်အပိုင်းတွေ သုံးထားတဲ့ ဒုံးပျံယာဉ်တွေ လွှတ်တင်ဖို့ အတွက်လည်း တရုတ်အတွက် အခက်အခဲတွေ ရှိလာစေနိုင်ပါတယ်။
Ref:Reuters

