‎နယူးဒေလီ၊ သြဂုတ် ၁၁

‎အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျဟတ်ခန် ပြည်နယ်မှာ အလုပ်သမား အသစ်ခေါ်ယူမှုဆိုင်ရာ စာမေးပွဲ စနစ် ပြုပြင် ပြောင်းလဲရေး တောင်းဆို ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် နှိမ်နှင်းခဲ့ပါတယ်။

‎ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ၊အလုပ်အကိုင်ရှာဖွေသူတွေက သူတို့ရဲ့ ဆန္ဒပြပွဲကို အသိအမှတ်ပြုစေဖို့ ပြည်နယ် မြို့တော် ရန်ချီရှိ ပြည်နယ် လွှတ်တော်သို့ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

‎လူတချို့ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထောက်တွေက ပြောပေမယ့် ဒဏ်ရာရရှိသူ အရေအတွက် တရားဝင် ထုတ်ပြန်မှု မရှိပါဘူး။

‎ဂျဟတ်ခန် ပြည်နယ် အစိုးရ စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြသူတွေ တောင်းဆို ဆန္ဒပြနေကြတာ အခုဆို သီတင်းနှစ်ပတ်ကျော်ပြီ ဖြစ်ပါတယ်။

‎သြဂုတ် ၁၀ ရက်က ရဲတပ်ဖွဲ့ အတားဆီးတွေကို ချိုးဖောက်ဖြတ်ကျော်ဖို့ ကြိုးပမ်းသူတွေ အများကြီး ရှိတာကြောင့် ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ၊ တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲဖို့ ကြိုးပမ်းခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။

‎ရန်ချီမြို့ ရဲမှူးကြီး ပါရက်စ် ရာနာက ဆန္ဒပြသူအများစု ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့် လူအနည်းငယ်က အတားအဆီးတွေကို ချိုးဖျက်ဖို့ ကြိုးပမ်းခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ ပြောပါတယ်။

‎ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

‎ကျောင်းသားတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ ဒါပေမဲ့ ကိုယ်စားလှယ်တွေရဲ့ စကားကိုတောင် နားမထောင်သူ တချို့ရှိ ပါတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

‎ရဲတပ်ဖွဲ့က ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ပြီး ဆန္ဒပြသူတွေဟာ ကျောင်းသားတွေ ဖြစ်တာကြောင့် အရမ်းတိုတောင်းတဲ့ အချိန် အတွင်းမှာပဲ အနည်းဆုံး အင်အားကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

‎ဆန္ဒပြသူတွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းရှိကြဖို့သူက တောင်းဆိုပြီး သူတို့ရဲ့ တောင်းဆိုချက်တွေ အစိုးရဆီ ရောက်ရှိ သွားပြီ ဖြစ်ကြောင်း ပြောထားပါတယ်။

‎စာမေးပွဲ မေးခွန်းလွှာ ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ပိုးဟပ် ပါတီက ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး လူငယ် ထောင်ပေါင်းများစွာက ဒေလီမြို့ရှိ အမျိုးသား လွှတ်တော်ငို့ ချီတက်ဖို့ ကြိုးပမ်းခဲ့ကြပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

‎နိုင်ငံရေး ပါတီ တစ်ခု မဟုတ်တဲ့ အိန္ဒိယ ပိုးဟပ် ပါတီ(CJP)က ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရက်ဟန် ရာထူးက နုတ်ထွက်သွားပြီးနောက် သူတို့ရဲ့ သီတင်း ၅ ပတ်ကြာ ဆန္ဒပြပွဲတွေကို အဆုံးသတ်ခဲ့ပါတယ်။

‎CJP မှာ နိုင်ငံတဝှမ်း ပြည်နယ်တွေ အများကြီးမှာ ထောက်ခံသူ ကျောင်းသားထုတွေ ရှိနေတာ ဖြစ်ပါတယ်။

‎ရန်ချီမြို့ရဲ့ လမ်းမတွေ ပေါ်မှာ လုံခြုံရေး အစီအစဉ်တွေ တင်းကြပ်ထားပြီး မီဒီယာသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ရှိနေတာ ဖြစ်ပါတယ်။

‎ရဲတပ်ဖွဲ့က လူစုခွဲဖို့ ကြိုးပမ်းပေမယ့်လည်း ဆန္ဒပြသူတွေ တော်တော်များများ အဲဒီ နေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

‎ရန်ချီမြို့ ဘောလုံးကွင်း တစ်ခုထဲမှာ ဆန္ဒပြသူတွေဟာ ဇူလိုင် ၂၅ ရက်ကတည်းက စုဝေးနေကြတာ ဖြစ်ပြီး တချို့က ဟင်းလင်းပြင်မှာ အိပ်ပြီး ဆန္ဒပြဖို့ စောင့်ခဲ့ကြသလို တချို့က အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။

‎သူတို့ရဲ့ တောင်းဆိုမှုတွေ ပြည့်မြောက်တဲ့ အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြော ပါတယ်။

‎ဂျဟက်ခန် ပြည်နယ် အစိုးရ ဌာန ကော်မရှင်ရဲ့ ဧပြီလက ကျင်းပခဲ့တဲ့ အစိုးရဝန်ထမ်း စာမေးပွဲနဲ့ ပတ်သက်လို့ လူထု မကျေနပ်ချက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

‎ဇူလိုင်လက ရလဒ်တွေ ကြေညာပြီးနောက် လူမှုမီဒီယာပေါ်မှာ ပေါက်ကြားလာခဲ့တဲ့ အဖြေလွှာတွေမှာ အောင်မြင်တဲ့ စာမေးပွဲ ဖြေဆိုသူ တချို့ဟာ မျှော်လင့်ထားတာထက် မေးခွန်း နည်းနည်းလေးပဲ ဖြေဆိုထားတာတွေ့ခဲ့ရ ပါတယ်။

‎ဒီအခြေအနေကြောင့် စာမေးပွဲ ရလဒ်တွေကို ထိန်းချုပ်ခြယ်လှယ်မှု ရှိတယ်ဆိုတဲ့ သံသယတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။

‎ကျောင်းသားတွေအနဲ့ တရားမျှတမှု ရရှိစေရမယ်လို့ ပြည်နယ် အစိုးရက အာမခံထား ပါတယ်။

‎Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.