ဘိုဂိုတာ၊ သြဂုတ် ၁၁
ကိုလမ်ဘီယာ နိုင်ငံမှာ နှစ်များစွာအတွင်း အကြီးမားဆုံး ငလျင်တွေထဲက တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူ ၁၃၂ ဦးထက်မနည်း သေဆုံးပြီး အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
ပြိုကျသွားတဲ့ အဆောက်အဦတွေအောက် နောက်ထပ် လူတွေ ပိတ်မိနေနိုင်တာကြောင့် သေဆုံးသူအရေအတွက် ပိုများလာဖွယ် ရှိနေပါတယ်။
ချိကိုပြည်နယ်ရဲ့ မြေအောက် အနက် ၆၄ မိုင်မှာ မဂ္ဂနီကျု ၇ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ကိုလမ်ဘီယာ ဘူမိဌာနက ထုတ်ပြန်ပါတယ်။
ငလျင်လှုပ်ခတ်မှုကို ကျယ်ပြန့်တဲ့ ဒေသတဝှမ်းနဲ့ ကိုလမ်ဘီယာ အနောက်ပိုင်းတဝှမ်း မိုင်ရာပေါင်းများစွာအထိ ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ကိုလမ်ဘီယာနိုင်ငံရဲ့ ကော်ဖီစိုက်ပျိုးရာ ဒေသရှိ ပီရိုင်ရာမြို့မှာ သေဆုံးသူ အများအပြား ရှိပြီး အနီးအနား မြို့တွေနဲ့ ဗယ်လီ ဒယ်လ် ကော်ကာ ဒေသလည်း ထိခိုက်မှုများခဲ့ပါတယ်။
ချိုကိုပြည်နယ်ရဲ့ ဆန်ဟိုဆေး ဒယ်လ် ပေါ်လ်မာ ကျေးရွာအနီးကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာ ဖြစ်ပေမယ့် ဒေသဆိုင်ရာ မြို့တော်ဝန် လီယွန် ဖာဘီယို မာရင် မွန်ကာနာက အဲဒီ ဒေသမှာ ထူးထူးဆန်းဆန်းပဲ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အဝင်အထွက်လမ်းတွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၁၀ ရက်က နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကိုလမ်ဘီယာ မြို့တော်များ အဖွဲ့ရဲ့ ကြေညာချက်မှာ ငလျင်လှိုင်းတွေကြောင့် ဒဏ်ရာရရှိသူ ၄၈၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ငလျင်ရဲ့ ဗဟိုချက်နဲ့ ၃၄ မိုင် ဝေးတဲ့ ပီရိုင်ရာမြို့မှာ အဆိုးရွားဆုံး ထိခိုက်မှု တချို့ မြင်တွေ့ခဲ့ရပါတယ်။
အဲဒီမြို့ရဲ့ အဓိက ရင်ပြင် ဖြစ်တဲ့ ပလာဇာ ဘိုလီဗာမှာ အဆောက်အဦ တစ်ခု ပြိုကျသွားခဲ့ပြီး အပျက်အစီးတွေနဲ့ ဖုန်တွေကြား လူအများစုဝေးနေကြတာကို ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
အဲဒီမြို့ရဲ့ မြို့ပြဒေသမှာ အဆောက်အဦ ၆၅ လုံး ပြိုကျသွားခဲ့ပြီး လူ ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
အဲဒီအဆောက်အဦတွေထဲက ၁၅ ခုမှာ လူတွေ ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။
ငလျင် ဗဟိုချက်က ကီလိုမီတာ ၂၀၀ အကွာလောက်မှာ ရှိပြီး ပီရိုင်ရာမြို့တောင်ဖက် ၁၆၀ ကီလိုမီတာအကွာမှာ ရှိတဲ့ ကာလီမြို့မှာ အဆောက်အဦ သုံးပုံနှစ်ပုံ ပြိုကျသွားခဲ့ ပါတယ်။
ညအချိန် ငလျင်လှုပ်ခတ်တာကြောင့် လူတွေ ညအိပ်ဝတ်စုံတွေနဲ့ ထွက်ပြေးလာခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့တော် ဘိုဂိုတာမှာ သစ်ပင်တွေ မီးပွိုင့်တွေ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားခဲ့ပြီး အဆောက်အဦတွေမှာ အက်ကွဲရာတွေ ပေါ်ခဲ့ပေမယ့် အခြေခံ အဆောက်အဦတွေ ကြီးကြီးမားမား ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ဗင်နီဇွဲလား၊ အီကွေဒေါနဲ့ ပနားမားတို့ကတောင် ခံစားသိရှိခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလား မြောက်ပိုင်းမှာ ဖျက်အားပြင်း ငလျင် နှစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ၂ လ မပြည့်ခင် ကိုလမ်ဘီယာမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလား ငလျင်ကြောင့် သေဆုံးသူ ၆၃၀၀ကျော် အထိ ရှိခဲ့ပါတယ်။
ကိုလမ်ဘီယာ သမ္မတ အဘီလာဒို ဒီလာ အက်စရီလာက နိုင်ငံတော် သဘာဝဘေး အခြေအနေ ကြေညာထားပြီး ဘက်ဂျက်ကိစ္စ ပြန်လည် နေရာချထားရေး အပါအဝင် အရေးပေါ် အခြေအနေကို တုံ့ပြန်ရေး အထူးလုပ်ပိုင်ခွင့်အာဏာပေးထား ပါတယ်။
လူသေဆုံးမှုတွေနဲ့ အတူ လူနေအိမ် ၁၅၀၀ကျော် ပျက်စီးသွားကြောင်း သမ္မတက အတည်ပြုထား ပါတယ်။
ထိခိုက်ပျက်စီးမှု အတိုင်းအတာ စတင်ထွက်ပေါ်လာချိန် ကမ္ဘာ့ခေါင်းဆောင်တွေက အကူအညီတွေ ကမ်းလှမ်းထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ငလျင်ဘေးကို အနီးကပ်စောင့်ကြည့်နေပြီး ကူညီဖို့ အသင့်ပြင်ထားတယ်လို့ ပြော ပါတယ်။
ဥရောပ သမဂ္ဂကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် အထောက်အကူ ဖြစ်စေဖို့ ဂြိုဟ်တု အသုံးပြုခွင့် ပေးထားပါတယ်။
အယ်လ်ဆာဗေးဒိုး သမ္မတ နာယစ် ဘူကီလီက ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ ပစ္စည်း ကိရိယာတွေ ပေးပို့ စေလွှတ်ထား ပါတယ်။
Ref:BBC

