ဂျေရုဆလင်၊ သြဂုတ် ၁၀
အမေရိကန် ဦးဆောင်တဲ့ ဂါဇာ အစီအစဉ်ကို ဟားမာ့စ်အဖွဲ့က လက်ခံထားပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သြဂုတ် ၉ ရက်မှာ ပယ်ချလိုက်ပါတယ်။
အဲဒီ ဂါဇာအစီအစဉ်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ သီတင်း တစ်ပတ်ကျော်ကြာ မြင့်တက်ခဲ့ပြီးနောက် အစ္စရေးအနေနဲ့ ဂါဇာကနေ ချက်ချင်း စတင်ထွက်ခွာဖို့ လိုမှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက် ရရှိထားပေမယ့် ဝန်ကြီးချုပ် နေတန်ညာဟုက သူ့ရဲ့ လက်ယာယိမ်း မဟာမိတ်တွေရဲ့ တွန်းအားပေးခံရပြီးနောက် အခုလို သဘောတူညီမှုကို ပြတ်ပြတ်သားသား ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။
အချက် ၁၅ ချက်ပါ စာရွက်စာတမ်းကို အစ္စရေးက ငြင်းပယ်ကြောင်း နေတန်ညာဟုက ဇူလိုင်လ နှောင်းပိုင်းက ဟားမာ့စ်အဖွဲ့ သဘောတူညီခဲ့တဲ့ အစီအစဉ်ကို ရည်ညွှန်းပြီး ပြောဆိုပါတယ်။
ဟားမာ့စ် အဖွဲ့ အမှန်တကယ် လက်နက် ဖြုတ်မသိမ်းခင် အစ္စရေး စစ်တပ်အနေနဲ့ ပြန်လည် ဆုတ်ခွာမှာ မဟုတ်ဘဲ မိမိတို့ တပ်ဖွဲ့တွေနဲ့ မိမိတို့ နိုင်ငံသားတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ဆက်လက် တားဆီးသွားမှာ ဖြစ်ကြောင်း နေတန်ညာဟုက အစိုးရ အဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
ဂါဇာ သဘောတူညီမှုဟာ ငြိမ်းချမ်းရေးအတွက် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ထရန့်ဟာ အိမ်ဖြူတော်ရှိ မိမိတို့ရဲ့ အကြီးကျယ်ဆုံး မိတ်ဆွေ ဖြစ်တယ်လို့ နေတန်ညာဟုက ပြောပါတယ်။
ဒါပေမဲ့ အစ္စရေးက အမေရိကန်ကို ကန့်ကွက်ကြောင်း ဖော်ပြပြီး သူက ထရန့်ကို စိန်ခေါ်ဖို့ ဆန္ဒရှိကြောင်း အလျင်အမြန်ပဲ ရှင်းရှင်းလင်းလင်း တုံ့ပြန်ထားပါတယ်။
သူတို့မှာ အကြံညဏ်တွေရှိတယ် အဲဒီထဲက တချို့ကို ကျွန်တော်တို့ လက်ခံနိုင်ပေမယ့် တချို့ကိုတော့ လက်မခံနိုင်ပါဘူး၊၊ ပြီးတော့ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘယ်လို အခိုင်အမာ ရပ်တည်ရမလဲဆိုတာ သိထားပါတယ်လို့ သူက ပြောပါတယ်။
အစ္စရေးရဲ့ ရာထူး သက်တမ်း အရှည်ကြာဆုံး ခေါင်းဆောင် နေတန်ညာဟုဟာ
အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် သဘောထား စစ်တမ်း တချို့မှာ ထောက်ခံမှုတွေ ရှိနေကြောင်း ဖော်ပြနေပါတယ်။
၂၀၂၃ ခုနှစ် လအောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမာ့စ် အဖွဲ့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဂါဇာ စစ်ပွဲ စတင်ပြီး နောက်ပိုင်း အစ္စရေးမှာ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဂါဇာ အစီအစဉ်ဟာ နေတန်ညာဟုရဲ့ လက်ယာယိမ်း ထောက်ခံသူ အုပ်စုကြား လူကြိုက်မများဘဲ လက်ယာစွန်း အစိုးရ အဖွဲ့ဝင်တွေက အဲဒီ သဘောတူညီချက်ကို အဆုံးသတ်ပစ်ဖို့ သူ့ကို တိုက်တွန်းထားပါတယ်။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့လို့ နာမည် ပေးထားတဲ့ အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်နေတဲ့ ထရန့် အဖွဲ့ရဲ့ ခေါင်းဆောင်က အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုလို တိုက်ခိုက်မှုမျိုးကို ကြိုတင်ကာကွယ်နိုင်မယ့် အစီအစဉ် ဖြစ်တယ်လို့ ကာကွယ် ပြောဆိုထားပါတယ်။
ဒီကနေ့ ကျွန်တော်တို့ ကမ်းလှမ်းထားတဲ့ နည်းလမ်းဟာ ဒီလိုဝမ်းနည်းစရာ ကိစ္စမျိုး ထပ်မဖြစ်စေဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ဂါဇာ ဒေသဆိုင်ရာ ဘုတ်အဖွဲ့ ကိုယ်စားလှယ် နီကိုလေ အမ်လာဒီနော့ဗ်က ပြောပါတယ်။
အစ္စရေးနဲ့ နောက်ဆက်တွဲ ဆွေးနွေးမှုတွေကနေ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထားကြောင်း သူက ပြောထားပါတယ်။
ဟားမာ့စ် အဖွဲ့က သူတို့ရဲ့ လက်နက်တွေ အားလုံး စွန့်လွှတ်ချိန်အထိ အစ္စရေးအနေနဲ့ ဘာတာဝန်မှ ယူစရာ လိုမှာ မဟုတ်ကြောင်းလည်း သူက ထပ်မံ ကတိပေးထားပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အစ္စရေးတပ်တွေ ဂါဇာက ဆုတ်ခွာပေးရမှာ ဖြစ်ကြောင်း သူက ပြောထားပါတယ်။
ခေါင်းဆောင် အသစ် ခါလစ် အယ်ဟေယာကို ရွေးချယ်ပြီးနောက် ရက်ပိုင်း အကြာမှာ အဲဒီ အစီအစဉ်ကို လူသိရှင်ကြား ထောက်ခံထားတဲ့ ဟားမာ့စ်အဖွဲ့က နေတန်ညာဟုကို တွန်းအားပေးရေး အမေရိကန်ကို တိုက်တွန်းထားပါတယ်။
ကြားခံ ညှိနှိုင်းပေးသူတွေနဲ့ အာမခံချက်ပေးမယ့် အမေရိကန်အနေနဲ့ နေတန်ညာဟုနဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ကို လမ်းပြမြေပုံအား လိုက်နာစေဖို့ ဖိအား ပေးမယ်လို့ မျှော်လင့်ကြောင့် ဟားမာ့စ် အဖွဲ့ရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဘာဆမ် နာအင်က ပြောပါတယ်။
ဟားမာ့စ် အဖွဲ့အနေနဲ့ အဲဒီ အစီအစဉ်အတွက် ကတိထားရှိဆဲ ဖြစ်တယ်လို့လည်း ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
Ref:AFP

