ကိဗ်၊ ဇူလိုင် ၂၀

ရုရှားက ယူကရိန်းကို ပဲ့ထိန်း ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ကြီးကြီးမားမား တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး တခြား ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။

အရှေ့မြောက်ပိုင်းမြို့ ကာကိဗ်မှာ လူ ၄ ဦး သေဆုံးခဲ့ပြီး မြို့တော် ကိဗ်မှာ သက်ကြီးရွယ်အို အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။

တောင်ပိုင်းရှိ ဇာရာပိုဇဟီယာမြို့မှာ တစ်ဦး သေဆုံးပြီး အရှေ့မြောက်ပိုင်းရှိ ဆူမီမြို့မှာ တစ်ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ဆိုပါတယ်။

ကိဗ်မြို့ကို တိုက်ခိုက်မှုဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက အင်အားအပြည့် ကျူးကျော် တိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း အကြီးမားဆုံး ပဲ့ထိန်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ပင်လယ်နက်ရှိ တူရကီပိုင် ကုန်တင်သင်္ဘော တစ်စီးကို ရုရှား တိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ဇူလိုင် ၁၉ ရက် ညနေပိုင်းမှာ ပြောပေမယ့် ရုရှားက မှတ်ချက် မပေးပါဘူး။

ဒီအတောအတွင်း ပင်လယ်နက်ရှိ ရုရှား ရေနံတင်သင်္ဘော ၃ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

တောင်ပိုင်း စတာဗရိုပိုလ် ဒေသရှိ ရုရှား ရေနံ ထားသိုရာ နေရာ ၃ ခုကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောထားပါတယ်။

ရုရှား စစ်ပွဲအတွက် ဘဏ္ဍာငွေရှာပေးနေတဲ့ နေရာတွေကို မိမိတို့ စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ကိဗ်မြို့ရဲ့ ဒေသများစွာဟာ ဇူလိုင် ၁၉ ရက်ညက တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လေကြောင်း ကာကွယ်ရေးစနစ်က ဒုံးကျည် ၄၁ စင်းမှာ ၁၈ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ လေကြောင်း ကာကွယ်ရေးစနစ်က ဒရုန်း အစီးရေ ၁၀၈ စီးကိုလည်း ကြားဖြတ် ပစ်ချခဲ့ရပါတယ်။

ကာကိဗ် ဒေသဆိုင်ရာ အကြီးအကဲ အိုလေ့ ဆိုင်နီဟူဘော့က မြို့ရဲ့ ဆင်ခြေဖုံး အရပ်ရှိ စာတိုက် အဆောက်အဦ တစ်ခု ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး အသက် ၂၄ နှစ်နဲ့ ၆၂ နှစ်ကြား အရွယ်ရှိ အမျိုးသား ၄ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ရုရှားက တိုက်ခိုက်ရေး ဒရုန်း ၁၄၅၀၊ ပဲ့ထိန်းဗုံး ၁၆၀ နဲ့ ဒုံးကျည် အမျိုးမျိုး ၉၉ စင်း သုံးပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဇီလန်စကီးက တယ်လီဂရမ် မက်ဆေ့ချ် တစ်ခုမှာ ဖော်ပြထားပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.