ဝါရှင်တန်၊ ဇူလိုင် ၁၈
ရာနဲ့ချီတဲ့ တောမီးတွေကြောင့် အမေရိကန် မြောက်ပိုင်း ဒေသအများစုမှာ မီးခိုးမြူတွေ လွှမ်းခြုံသွားပြီးနောက် ကနေဒါအပေါ် အခွန်အသစ်တွေ ပြဌာန်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။
တောမီး ငြိမ်းသတ်ဖို့ စစ်သားတွေ စေလွှတ်ပေးရေး ကနေဒါနိုင်ငံ အွန်တာရီအို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်ဖို့ဒ်က အမေရိကန် အစိုးရထံ တောင်းဆိုလိုက်ပြီး တောမီးတွေနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်တွေက စောဒက တက်ခဲ့ကြပြီးနောက်မှာ ထရန့်က အခုလိုမျိုး ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံထဲကို မလိုအပ်ဘဲ ညစ်ပတ်တဲ့၊ ညစ်ညမ်းတဲ့၊ ကျန်းမာရေးနဲ့ မညီတဲ့ လေတွေ ဝင်ရောက်နေတယ်လို့ ထရန့်က ပြောကြားပြီး ကနေဒါရဲ့ တမင်တကာ လျစ်လျူရှုမှုအတွက် အခွန်အသစ်တွေ ပြဌာန်းမယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။
ဇူလိုင် ၁၇ ရက်အထိ ကနေဒါမှာ တောမီး ၈၈၈ နေရာ လောင်ကျွမ်းနေပြီး အများစု ထိန်းချုပ်မရ ဖြစ်နေတယ်လို့ ကနေဒါ တောမီး အချက်အလက် စနစ်က ဖော်ပြထားပါတယ်။
အဲဒီ တောမီးတွေထဲက ၁၉၀ လောက်ဟာ အွန်တာရီအိုမှာ လောင်ကျွမ်းနေတာ ဖြစ်ပြီး တချို့ကို ထိန်းချုပ်မရ ဖြစ်နေပါတယ်။
ကနေဒါ ဝန်ကြီးချုပ် မက်ကာနေထံ ဆက်သွယ်ပြီး သူ့နိုင်ငံရဲ့ ဆန္ဒရှိရှိ လျစ်လျူရှုမှုနဲ့ ပတ်သက်လို့ ဖြေရှင်းချက် တောင်းဆိုသွားမှာ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာပေါ်မှာ ရေးသားထားပါတယ်။
ကနေဒါဟာ သူတို့ရဲ့ သစ်တောတွေနဲ့ ခြုံတောတွေကို အသေအချာ ထိန်းသိမ်းမှု မရှိဘူးလို့လည်း ထရန့်က ရေးပါတယ်။
ရီပက်ဘလေကန် အမတ်တွေက အဲဒီ ပြဿနာကို အသုံးချပြီး ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်အောင် လုပ်ဆောင်ဖို့ ထပ်မံ တိုက်တွန်းခဲ့ကြ ပါတယ်။
ဝန်ကြီးချုပ် ကာနေကတော့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးဟာ နှစ်နိုင်ငံစလုံးရဲ့ တာဝန် ဖြစ်တယ်လို့ ပြောပါတယ်။
ထရန့်က အခုလို ခြိမ်းခြောက်ပြီးနောက် ကနေဒါ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးက နှစ်နိုင်ငံမပြတ် ဆက်သွယ်လျက်ရှိပြီး သဘာဝဘေးတွေနဲ့ ပတ်သက်လို့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ ရှည်လျားတဲ့ ရာဇဝင်ရှိတယ်လို့ ပြောပါတယ်။
မီးငြိမ်းသတ်ရာမှာ အပြန်အလှန် ကူညီရေး ကနေဒါနဲ့ အမေရိကန်ကြား ၁၉၈၂ ခုနှစ်မှာ သဘောတူထားခဲ့ပြီး ၂၀၂၅ ဂျီ-၇ ညီလာခံမှာလည်း နောက်ထပ် အကူအညီပေးရေး သဘောတူညီမှု တစ်ရပ် ရရှိခဲ့ပါတယ်။
ကနေဒါအနေနဲ့ တောမီး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားပြီး သစ်တော ထိန်းသိမ်းရေးနဲ့ မီးဘေး ကြိုတင် ကာကွယ်ရေးအတွက် ဒေါ်လာ ၁၂ ဘီလီယံ ရင်နှီးမြှုပ်နှံထားတယ်လို့ လွှတ်တော်အမတ် အီလီနော အော့စ်ဇီစကီးက ကြေညာချက် တစ်ရပ်မှာ ဖော်ပြပါတယ်။
ဒါက နယ်စည်းမရှိတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်၊ ပြည်သူတွေ ဘေးကင်းစေဖို့ ကနေဒါက အလျင်အမြန် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အကြိမ်များစွာမှာ အမေရိကန်နဲ့ ကနေဒါကြား ဆက်ဆံရေး တင်းမာခဲ့ပြီး အများစုဟာ ကုန်သွယ်မှုကြောင့် ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ လွတ်လပ်စွာ ကုန်သွယ်နေတဲ့ ကနေဒါ အပေါ် ထရန့်က ပြီးခဲ့တဲ့နှစ်မှာ အခွန်တွေ ပြဌာန်းခဲ့ပြီး နှစ်နိုင်ငံစလုံး ကုန်သွယ်ရေး သဘောတူညီမှု မရယူရသေးပါဘူး။
ကနေဒါရှိ မြေဟက်တာ ၃ သန်း နီးပါး တောမီးတွေကြောင့် ပျက်စီးသွားပြီ ဖြစ်ကြောင်း ကနေဒါ တောမီး သတင်းအချက်အလက်စနစ်က ဖော်ပြထားပါတယ်။
မင်နီဆိုတာနဲ့ မီချီဂန်ကနေ ပင်နီဆယ်ဗန်နီးယားအထိ၊ အိုဟိုင်းအိုးကနေ နယူးယောက်အထိ အမေရိကန် ပြည်နယ်များမှာ မီးခိုးမြူတွေ အလျင်အမြန် ဖုံးလွှမ်းသွားခဲ့ပါတယ်။
အန္တရာယ်ရှိတဲ့ လေထု အရည်အသေး သတိပေးချက်တွေ ဒေသ အများစုမှာ ထုတ်ပြန်ထားပြီး အပြင်ဖက်မှာ ကျင်းပမယ့် အခမ်းအနားတွေ အများကြီး ဖျက်သိမ်းထားရပါတယ်။
ကနေဒါ အရာရှိများထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်မှာ အမေရိကန် လွှတ်တော် အမတ်တွေ ဖြစ်တဲ့ ဂျွန်ဂျိမ်းစ်နဲ့ ဂျွန် မိုလီနာ၊ ဂျက်ဘက်မန်းနဲ့ လီဆာ မက်ကလိန်းတို့က သူတို့ သည်းခံနိုင်မှု အတိုင်းအတာ ကုန်သွားပြီလို့ ဖော်ပြထားပါတယ်။
Ref:BBC

