ဘေဂျင်း၊ ဇူလိုင် ၈

တရုတ်နိုင်ငံ အနောက်ပိုင်း ကျန်းစုပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးပြီး ရှာဖွေ ကယ်ဆယ်ရေး အစီအစဉ်တွေ အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဇူလိုင် ၈ ရက်မှာ ဖော်ပြပါတယ်။

ဇူလိုင် ၇ ရက် မနက် စောစောပိုင်းက တန်ချန်းဒေသရှိ တောင်ကြား တစ်ခုမှာ မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူ ၃၃ ဦး ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

ထိခိုက်သူ အများစုဟာ အဲဒီ တောင်ကြားကို လွှမ်းခြုံထားတဲ့ အစိုးရပိုင် သစ်တော စိုက်ခင်းမှာ ယာယီ အလုပ်သမားအဖြစ် ငှားရမ်းထားတဲ့ အနီးအနားရွာတွေက ရွာသားတွေ ဖြစ်တယ်လို့ နိုင်ငံပိုင် China Newsweek က ဖော်ပြပါတယ်။

မတ်စောက်တဲ့ တောင်ကြားတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ မြစ်တွေရှိတဲ့ ထောင်ထူထပ်တဲ့ အဲဒီ ဒေသမှာ ရေကြီး ရေလျှံတာ၊ မြေပြိုတာတွေ အပါအဝင် သဘာဝဘေးတွေဟာ အထူးသဖြင့် မိုးရာသီမှာ ဖြစ်ပွားလေ့ရှိပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းမှာလည်း မိုးကြိုးမုန်တိုင်းတွေနဲ့ လေပြင်း တိုက်ခတ်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၂၇၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာက ဇူလိုင် ၇ ရက်မှာ ဖော်ပြပါတယ်။

တောင်ပိုင်းမှာလည်း မိုးကြီးပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၂ ဦး သေဆုံးခဲ့ ပါတယ်။

ဟူဘေး ပြည်နယ်ရှိ ဒေသများစွာမှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။

မကြုံစဖူး လေဆင်နှာမောင်းတွေလည်း ဒေသအချို့မှာ တိုက်ခတ်ခဲ့ပြီး ပျောက်ဆုံးနေသူ ၉ ဦး ရှိပါတယ်။

တိုင်ဖွန်း မုန်တိုင်း မေဆက်ကြောင့် တရုတ်မှာ မိုးသည်းထန်ပြီး ဒေသများစွာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကွန်းကျီ ဒေသရဲ့ မြို့တော် နန်နင်းမှာ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဆည်ကျိုးသွားတဲ့အတွက် ဒေသဆိုင်ရာ အရာရှိတွေက ရေဘေး ထိန်းချုပ်ရေး အရေးပေါ် သတိရှိမှုကို အမြင့်ဆုံး အဆင့်သို့ တိုးမြှင့်ထားပါတယ်။

မိုးများလွန်းတာကြောင့် ဆည်နံရံတွေ ကျိုးပေါက်သွားပုံ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို CCTV သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီ ဒေသရှိ တခြားနေရာတွေမှာ နေအိမ်တွေနဲ့ ကားတွေ ရေမြုပ်နေတာကိုလည်း မြင်တွေ့ရပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က အင်အားအားလုံး ထုတ်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားထားကြောင်း နိုင်ငံပိုင် မီဒီယာက ဇူလိုင် ၇ ရက်က ဖော်ပြပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အင်အားလုံး ထုတ်သုံးဖို့ လိုအပ်နေပြီး ဒဏ်ရာရသူတွေကို ကုသပေးရမှာ ဖြစ်သလို ရေဘေးသင့် ဒေသခံတွေကို ပြန်လည် နေရာချထားပေးရမှာ ဖြစ်တယ်လို့ သမ္မတ ရှီက ပြောပါတယ်။

ကမ္ဘာတဝှမ်း ပြင်းထန်ပြီး မကြာခဏ ဖြစ်ပေါ်လာနေတဲ့ ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ရပ်တွေဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ပြောထားပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး နိုင်ငံဖြစ်ပေမယ့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် သုံးစွဲမှု အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

Ref:Reuters/AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.