ဝါရှင်တန်၊ ဇွန် ၈
ရွေးကောက်ပွဲ လိမ်လည်မှုဆိုင်ရာ ပြောဆိုမှု တချို့နဲ့ ပတ်သက်လို့ NBC အစီအစဉ် တင်ဆက်သူ ခရစ်စတန် ဝယ်ကာရဲ့ စိန်ခေါ်မှုနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ဟာ အဲဒီသတင်းဌာနနဲ့ ပြုလုပ်နေတဲ့ အင်တာဗျူးကို ရုတ်ချည်းအဆုံးသတ်ပြီး ထွက်ခွာသွားခဲ့ပါတယ်။
ဇွန် ၇ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ Meet The Press အင်တာဗျူး အစီအစဉ်အတွင်း ထရန့်က လက်ရှိ ကယ်လီဖိုးနီးယားမှာ ကျင်းပနေတဲ့ ကိုယ်စားလောင်း ရွေးချယ်ပွဲနဲ့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ နှစ်ခု စလုံး မသမာမှု ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ကယ်လီဖိုးနီး ရွေးကောက်ပွဲမှာ လိမ်လည်မှု ရှိတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ ခရစ်စတန်က သက်သေပြဖို့ တွန်းအားပေးချိန်မှာ ထရန့်က ကျွန်တော့်အနေနဲ့ လုပ်ရမှာအားလုံးက စောင့်ကြည့်ဖို့နဲ့ နားထောင်တာပဲ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
အဲဒါက အထောက်အထားမှ မဟုတ်တာလို့ အစီအစဉ် တင်ဆက်သူက ပြန်ပြောချိန်မှာ ထရန့်က ခင်ဗျားတို့က ကလိမ်ကကျစ် မီဒီယာလို့ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် သူက အင်တာဗျူးကို အဆုံးသတ်ပြီး တော်ပြီ တော်လိုက်ကြစို့လို့ ပြောဆိုပြီး ထွက်သွားခဲ့ပါတယ်။
သမ္မတဟာ သတင်းဌာနတွေနဲ့ မကြာခဏဆိုသလို ဆက်ဆံရေး ကတောက်ကဆ ဖြစ်လေ့ရှိပြီး အဲဒီမီဒီယာတွေဟာ သူ့ကို ဆန့်ကျင်ပြီး ဘက်လိုက်တယ်လို့ စွပ်စွဲလေ့ ရှိပါတယ်။
ဝင်ကောင်ဆင်ပြည်နယ်က တောင်သူတွေအတွက် စိုက်ခင်း တစ်ခုမှာ ပြုလုပ်ခဲ့ပုံရတဲ့ အဲဒီ အစီအစဉ်ဟာ နည်းပညာပိုင်း ပြဿနာတွေ၊ သွပ်ခေါင်မိုးပေါ် မိုးရွာချတဲ့ အသံတွေကြောင့် မကြာခဏ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
ဇွန် ၅ ရက်က အင်တာဗျူးဖို့ ထိုင်ပြီးနောက် မိနစ် ၅၀ အကြာမှာ ဒေါ်နယ် ထရန့် ထွက်သွားခဲ့တာ ဖြစ်တယ်လို့ NBC သတင်းဌာနက ဖော်ပြထားပါတယ်။
အစီအစဉ် တင်ဆက်သူ အမျိုးသမီးက အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ မေးမြန်းရာမှာလည်း ထရန့်က အမေရိကန်အနေနဲ့ အီရန် နျူကလီးယား လက်နက်တွေ မရအောင်တားဆီးဖို့လိုတယ်လို့ ပြောပြီး ဒါဟာ အဆုံးမရှိတဲ့ စစ်ပွဲ တစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ထရန့်က အင်တာဗျူးသူ အမျိုးသမီးကို “ခင်ဗျားဟာ ကလိမ်ကကျစ်ဟုတ်ရင်ဟုတ် မဟုတ်ရင် ရူးနေတာပဲ” လို့လည်း ပြောဆိုခဲ့သလို ခင်ဗျားတို့ မီဒီယာဟာ တစ်ဖက်သတ်ဆန်တဲ့ ကလိမ်ကကျစ် မီဒီယာလို့လည်း တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Ref:BBC

