ပတ္တယား၊ မေ ၉
တရုတ်နိုင်ငံသား တစ်ယောက်ရဲ့ နေအိမ်မှာ တွေ့ရှိခဲ့တဲ့ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ မြေမြှုပ်မိုင်းတွေအပါအဝင် စစ်ဖက်ဆိုင်ရာ အဆင့်လက်တွေ သိမ်းထားတဲ့ လက်နက်တိုက် တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေတယ်လို့ အရာရှိတွေက မေ ၉ ရက်မှာ ပြောပါတယ်။
အမ် ၁၆ ချေမှုန်းရေး ရိုင်ဆယ် နှစ်လက်၊ ရာနဲ့ချီတဲ့ ကျည်ကပ်တွေ၊ ရုရှားနိုင်ငံထုတ် မြေမြှုပ်မိုင်းတွေ၊ နခြား လက်နက်တွေ၊ ဓာတ်ဆီနဲ့ ဖောက်ခွဲရေးပစ္စည်း ၅ ကီလိုလောက်ကို ပတ္တယားမြို့ ကမ်းခြေ အနီးရှိ အသက် ၃၁ နှစ်အရွယ် ဆန် မင်းချန် ဆိုသူရဲ့ နေအိမ်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ လက်နက်တွေဟာ တိုက်ခိုက်ဖို့ စီစဉ်ထားမှုနဲ့ ဆက်စပ်နေတာ မရှိဘူးလို့ ချွန်ဘူရီ ပြည်နယ် ပြည်သူ့ဆက်ဆံရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒေသဆိုင်ရာ ရဲမှူး ပွန်ဖန် ဝေါင်မာနီသက်က လုံခြုံရေးဆိုင်ရာ ဆက်စပ်မှုတွေကို သူတို့ စုံစမ်း စစ်ဆေးနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဆန်ကို ခွင့်ပြုချက်မရှိတဲ့ လက်နက်တွေ တရားမဝင် လက်ဝယ်ပိုင်ဆိုင်မှုနဲ့ စွဲချက်တင်ထားပြီး ထောင် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။
သံသယရှိသူရဲ့ ဖုန်းထဲမှာ ဉာဏ်ရည်တု ဆော့ဖ်ဝဲလ် တစ်ခု ပါဝင်ပြီး စစ်ဖက်ဆိုင်ရာ ပလတ်စတစ် ဖောက်ခွဲရေး နေရာတွေကို ရှာဖွေထားပြီး သူကိုယ်တိုင် လက်နက်တွေ ကိုင်တွယ်နေပုံ ဗီဒီယိုတွေ ပါဝင်တယ်လို့ ထိုင်းမီဒီယာက ဖော်ပြထားတာကြောင့် အကြမ်းဖက် တိုက်ခိုက်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေပြီး သူ့ကို စိတ်ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ရဲမှူး ပွန်ဖန်က ပြောပါတယ်။
မေ ၈ ရက်က မီးပွိုင့်မှာ ရပ်ထားပြီး တရုတ် နိုင်ငံသား နှစ်ယောက် လိုက်ပါလာတဲ့ ကားတစ်စီးပေါ်မှာ ပစ္စတို တစ်လက် တွေ့ရှိခဲ့ပြီးနောက် ဆန်ရဲ့ နေအိမ်ကို စီးနင်းခဲ့တာ ဖြစ်ပါတယ်။
အရာရှိတွေရဲ့ အဆိုအရ သူဟာ ထိုင်းမှာ ရေရှည် ဗီဇာကိုင်ဆောင်ထားသူ ဖြစ်ပြီး အဲဒီ နေအိမ်မှာ နေထိုင်နေတာ နှစ်နှစ်လောက်ရှိပြီလို့ သိရပါတယ်။
ထိုင်းမှာ အခုလိုပဲ လက်နက်တွေ အများအပြား သယ်ဆောင်လာတာ သို့မဟုတ် သိမ်းဆည်းထားတာတွေကို မကြာခဏဆိုသလို ဖမ်းဆီးရမိမှုတွေ ရှိနေပါတယ်။
Source: AFP

