ဂျေရုစလင်၊ မတ် ၁၆
အီရန် အနောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ပြီး တိုက်ခိုက်မှု ဧရိယာ ချဲ့လိုက်ပြီးနောက် အီရန်မှာ နောက်ထပ် တိုက်ခိုက်စရာ ပစ်မှတ်ထောင်နဲ့ချီ ရှိနေသေးတယ်လို့ အစ္စရေး စစ်တပ် ပြောခွင့်ရ အက်ဖရီ ဒီဖရင်က ပြောလိုက်ပါတယ်။
တီဟီရန်အနေနဲ့ အမေရိကန်ကို အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတာ မရှိဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ပြောပါတယ်။
အမေရိကန်နဲ့ ဘာကြောင့် ဆွေးနွေးရမယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း မတွေ့မိဘူးလို့ အာရက်ချီက CBS News နဲ့ တွေ့ဆုံမှုအတွင်း တုံ့ပြန်ထားတာပါ။
မိမိတို့အနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးနေချိန်မှာပဲ သူတို့က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီး အာရက်ချီက ပြောပါတယ်။
အီရန်က သဘောတူညီမှု ရယူလိုပေမယ့် သူတို့ရဲ့ တောင်းဆိုသတ်မှတ်ချက်တွေ လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့ ထရန့်က မတ် ၁၄ ရက်မှာ ပြောထားပါတယ်။
ဒီအတောအတွင်း ထရန့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့ကြား ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပြီး ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်နိုင်ရေး အရေးကြီးကြောင်း ပြောဆိုခဲ့ကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးက စတင်တိုက်ခိုက်ပြီး နောက်မှာ အီရန်က ကမ္ဘာ့ ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ချလိုက်ပါတယ်။
ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုမှာ မဟာမိတ်တွေ ဝင်မကူဘူးဆိုရင် နေတိုးအဖွဲ့ရဲ့ အနာဂတ်အတွက် အလွန် အခြေအနေ ဆိုးလိမ့်မယ်လို့ ထရန့်က ပြောပါတယ်။
သေဆုံးသွားတဲ့ အီရန် ခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ နေရာမှာ သူ့ရဲ့သား ဖြစ်သူ မိုချ်တာဘာ အလီ ခါမေနီနဲ့ အစားထိုးထားတဲ့အပေါ် အီရန်မှာ ဝေဖန်မှုတွေ အများကြီး ထွက်ပေါ်နေပါတယ်။
မိုချ်တာဘာဟာ အသက် ၅၆ နှစ် အရွယ်ပဲရှိသေးပြီး သူ့ကို အီရန် ထိပ်တန်း ခေါင်းဆောင် အဖြစ် ခန့်အပ်မှုကို သဘောမကျကြောင်း အမေရိကန်ကလည်း ပြောထားပါတယ်။
ကမ္ဘာကြီး သုံးစွဲနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားတာကြောင့် အာရှနိုင်ငံတွေအပါအဝင် နိုင်ငံအများအပြား စွမ်းအင် ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီ ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောတွေကို အီရန်က တိုက်ခိုက်နေပြီး ဒေသတွင်းက ရေနံ တစ်လီတာတောင် အပြင်ကို မထွက်စေရဘူးလို့ ပြောထားပါတယ်။
အီရန်ရဲ့ ရေနံထုတ်လုပ်ရာ စုရပ်ဖြစ်တဲ့ ခါးချ်ကျွန်းကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာရေနံဈေး တစ်စည်ကို ဒေါ်လာ ၁၂၀ အထိ မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၀၀ ဝန်းကျင်မှာပဲ ဆက်ရှိနေပါတယ်။
နိုင်ငံတကာ စွမ်းအင် အေဂျင်စီ IEA က အရန်သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်ပေးမယ်လို့ ကြေညာထားပေမယ့် ရေနံဈေးက ဒေါ်လာ ၁၀၀ နီးပါမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။
အီရန်က ဒေသတွင်း နိုင်ငံ တချို့ကိုလည်း တိုက်ခိုက်နေတာကြောင့် လေကြောင်း ခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်နေရပါတယ်။
အီရန်က သဘောတူညီမှု ရယူဖို့ အသည်းအသန် အလိုရှိနေပေမယ့် အဆင်သင့် မဖြစ်သေးဘူးလို့ ထရန့်က ပြောပါတယ်။
မိမိတို့ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေကို အီရန်အနေနဲ့ ပြန်လည် တည်ဆောက်မယ်ဆိုရင် ၁၀ နှစ်လောက် အချိန်ယူရမှာ ဖြစ်တယ်လို့လည်း သမ္မတထရန့်က ပြောဆိုထားပါတယ်။
Ref:BBC

