ပါရီ ၊ မတ် ၁၆
နေတိုး မဟာမိတ် အဖွဲ့ဝင်တွေအနေနဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး မကူညီဘူးဆိုရင် မဟာမိတ်အဖွဲ့ရဲ့ အနာဂတ် အလွန်ဆိုးရွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သတိပေးပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို သူ့အနေနဲ့ နောက်ဆုတ်ကောင်း နောက်ထုတ်ရလိမ့်မယ်လို့ ပြောကြားကြောင်း Financial Times သတင်းမှာ မတ် ၁၅ ရက်က ဖော်ပြထားပါတယ်။
တရုတ် တင်သွင်းနေတဲ့ ရေနံတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အဲဒီ ရေလက်ကြားကို ဖြတ်သန်းနေတာ ဖြစ်တဲ့အတွက် တရုတ်ကလည်း ကူညီသင့်တယ်လို့ ထရန့်က ပြောထားပါတယ်။
ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ့် အစီအစဉ် မတိုင်ခင် မိမိအနေနဲ့ ဘေဂျင်းအစိုးရရဲ့ သဘောထားကို သိထားချင်တယ်လို့ ထရန့်က ဆိုပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်စ်ဆင့်နဲ့ တရုတ် လက်ထောက်ဝန်ကြီးချုပ် ဟေလီဖန်တို့ ပါရီမြို့မှာ တွေ့ဆုံပြီး အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တို့ တွေ့ဆုံရေး လမ်းရှင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုက နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှု အကောင်အထည် ဖော်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး ထရန့်နဲ့ ရှီတို့ တွေ့ဆုံရေး လမ်းကြောင်း ရှင်းလင်းဖို့အတွက် ဖြစ်ပါတယ်
ဟောမု့ဇ် ရေလက်ကြားကနေ အကျိုးအမြတ် ရရှိနေတဲ့ နိုင်ငံတွေအနေနဲ့ အဲဒီ ရေလမ်းကြောင်း လုံခြုံရေးအတွက် ကူညီသင့်တယ်လို့ ထရန့်က ပြောပါတယ်။
အဲဒီ ရေလက်ကြားထဲ ဆိုးဆိုးရွားရွား အခြေအနေတွေ တစ်ခုမှ မဖြစ်အောင် သက်ဆိုင်ရာ နိုင်ငံတွေက ကူညီသင့်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်ပြီးနောက် အီရန်က အဲဒီ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းက ဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ရေး သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့ စစ်သင်္ဘောများ စေလွှတ်ကြဖို့ ထရန့်က တိုက်တွန်းထားပါတယ်။
တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဗြိတိန်တို့က အဲဒီ ဒေသဆီ စစ်သင်္ဘောများ စေလွှတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထရန့်က ပြောပါတယ်။
ဒရုန်းတွေနဲ့ ရေအောက်မိုင်းတွေကို ရှင်းလင်းဖို့ မိုင်းရှင်းလင်းရေး သင်္ဘောတွေနဲ့ အခြား စစ်သင်္ဘောတွေ စေလွှတ်ဖို့ လိုအပ်တယ်လို့ ထရန့်က ပြောထားပါတယ်။
မိမိတို့ အနေနဲ့ အီရန် စစ်တပ်ကို အရမ်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး သူတို့မှာ ဟောမု့ဇ် ရေလက်ကြားကို နည်းနည်း ဒုက္ခပေးနိုင်တာကလွဲပြီး ဘာမှ မကျန်တော့ဘူးလို့ ထရန့်က ပြောပါတယ်။
အီရန်နဲ့ အိုမန်ကြားရှိ အဆိုရေလက်ကြားကို ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနဲ့ သဘာဝဓာတ်ငွေ့ အရည် ငါးပုံတစ်ပုံ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။
အမေရိကန် တပ်ဖွဲ့တွေ အနေနဲ့ လိုအပ်ရင် အီရန်ရဲ့ ရေနံထုတ်လုပ်ရာ စုရပ် ခါးချ်ကျွန်းကို နောက်ထပ် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းလည်း ထရန့်က သတိပေးထားပါတယ်။
အမေရိကန်က ဗြိတိန်ကို နံပါတ် ၁ မဟာမိတ် အဖြစ် မှတ်ယူလို့ ရနိုင်ပေမယ့် အကူအညီ ပေးဖို့ လာရောက်ခိုင်းတဲ့ အချိန်မှာ မလာချင် ဖြစ်နေတယ်လို့လည်း ထရန့်က ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ တွေ့ဆုံပြီးနောက် ပြောပါတယ်။
အီရန်ရဲ့ တိုက်ခိုက်နိုင်စွမ်းအားတွေကို အမေရိကန်က လျော့ကျအောင် လုပ်ဆောင်လိုက်ပြီး နောက်မှပဲ ဗြိတိန်က စစ်သင်္ဘော တချို့ စေလွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
Ref:Reuters

