တီဟီရန်၊ မတ် ၁၆
ယူကရိန်းက အစ္စရေးထံ ဒရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ ပြောကြားပြီးနောက် ယူကရိန်းဟာ မိမိတို့ရဲ့ တရားဝင် ပစ်မှတ် ဖြစ်လာပြီလို့ အီရန်က ကြေညာလိုက်ပါတယ်။
အီရန် လွှတ်တော် အမျိုးသား လုံခြုံရေးကော်မတီ ခေါင်းဆောင် အီဘရာဟင် အဇီဇီက အရှေ့အလယ်ပိုင်း စစ်ပွဲထဲ ယူကရိန်း ဝင်ပါလာပြီ ဖြစ်တယ်လို့ လူမှုမီဒီယာမှာ ပြောဆိုထားပါတယ်။
ယူကရိန်းက အစ္စရေးထံ ဒရုန်းတွေ ပေးပို့ကူညီနေတယ်ဆိုတဲ့ အထောက်အထားကို သူက မဖော်ပြပေမယ့် ယူကရိန်းက အရှေ့အလယ်ပိုင်းဒေသသို့ ဒရုန်းတွေ ပေးပို့ ကူညီမှုအတွက် ငွေနဲ့ နည်းပညာ ရရှိလိုတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ယူကရိန်းက အစ္စရေးသို့ ဒရုန်းတွေ ပေးပို့ ကူညီနေကြောင်း တရားဝင် ကြေညာထားတာ မရှိပေမယ့် ကာတာ၊ ယူအေအီးနဲ့ ဆော်ဒီအာရေးဗီးယားသို့ စစ်ရေးကျွမ်းကျင်သူ အဖွဲ့တွေ စေလွှတ်ထားပါတယ်။
အီရန်နိုင်ငံထုတ် Shahed ဒရုန်းတွေကို တားဆီးရေး ကူညီပေးဖို့ အမေရိကန်၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပတဝှမ်း နိုင်ငံတွေက မိမိတို့ဆီ အကူအညီ တောင်းထားကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောထားပါတယ်။
ယူကရိန်းနိုင်ငံဆိုင်ရာ အီရန် ကိုယ်စားလှယ် ရှာရီယာ အမော်ဇီကာက ယူကရိန်းရဲ့ အကူအညီ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုကို လှောင်ပြောင်ထားပါတယ်။
အီရန်ဟာ ရုရှားရဲ့ ဗျူဟာမြောက် လက်တွဲဖော်နိုင်ငံ ဖြစ်ပြီး ဒေသဆိုင်ရာ လုံခြုံရေးကိစ္စရပ်တွေ၊ ထောက်လှမ်းရေးနဲ့ စစ်ရေးနည်းပညာတွေမှာ အများကြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ထားပါတယ်။
ယူကရိန်းစစ်ပွဲအတွင်း အီရန်က ယူကရိန်းနိုင်ငံသားတွေကို သတ်ဖြတ်ဖို့ ရုရှားအတွက် ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ထောက်ပံ့ပေးနေတာ နှစ်အတော်ကြာနေပြီ ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ကနဦး အီရန်က ထုတ်လုပ်ပြီးနောက် ရုရှားက ပြည်တွင်းမှာ ထပ်ဆင့် ထုတ်လုပ်ခဲ့တဲ့ Shahed-136 ဒရုန်းတွေကို ရုရှားစစ်တပ် အသုံးပြု တိုက်ခိုက်နေတာဟာ ၂၀၁၄ ခုနှစ်လောက်ကတည်းက ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ပြီး နောက်ပိုင်း ရုရှားက အမေရိကန် စစ်ဖက်ဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်ရေး အီရန်ကို ထောက်လှမ်းရေး သတင်းတွေနဲ့ ကူညီဖို့ ကြိုးစားခဲ့ပါတယ်။
ရုရှားက အီရန်သို့ ဒရုန်းတွေ ပေးပို့ပြီး တိတ်တဆိတ် ကူညီနေတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန် ဟောလေက ပြောထားပါတယ်။
ဒီအတောအတွင်း ရုရှားက အီရန်သို့ လူသားချင်းစာနာထောက်ထားရေး အကူအညီ ၁၃ တန် ပေးပို့ထားတယ်လို့လည်း ကြေညာထားပါတယ်။
အီရန် စစ်ပွဲ အဆုံးသတ်စေရေး အီရန်ရှိ သန့်စင်ပြီးသား ယူရေနီယံတွေကို ရုရှားသို့ ပြောင်းရွှေ့ရေး သမ္မတ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဖုန်းခေါ်ဆိုမှု အတွင်း အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အနေနဲ့ အီရန်ရဲ့ ယူရေနီယံတွေကို လုံခြုံအောင်လုပ်ဖို့ လိုအပ်တာကြောင့် အဲဒီကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အမေရိကန် အရာရှိတစ်ဦးက ပြောထားပါတယ်။
Ref:The Telegraph

