ဘားအံ၊ မတ် ၁၆
ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမိုးဝင်းကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကော်မရှင်က မတ်လ ၁၅ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး မင်းသူကျော် အစား ဗိုလ်မှူးကြီး စိုးမိုးဝင်းကို ပြောင်းလဲ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ရာထူးကနေ အနားပေးခံလိုက်ရတဲ့ ဗိုလ်မှူးကြီး မင်းသူကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့အသစ် မဖွဲ့မီ နယ်လုံဝန်ကြီး အပြောင်းအလဲ ပြုလုပ်တာဟာ ထူးခြားမှု တစ်စုံတစ်ရာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး မင်းသူကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်ခေါင်းဆောင် ပေးပို့ထားတဲ့ ကရင်ပြည်နယ် တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး သူအနေနဲ့ တပ်မတော် ကိုယ်စားလှယ်အဖြစ် ဆက်ရှိ မရှိကတော့ မသိရသေးပါဘူး။
အလားတူ စစ်ကော်မရှင်ဟာ ဧရာဝတီတိုင်း လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ခန့်မွန်ဆွေ အစား ဗိုလ်မှူးကြီး စိုးမင်းဦးကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

