နေပြည်တော် ၊ မတ် ၁၄

မကြာခင်ကာလအတွင်း အစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မယ့် အခြေအနေမှာ တပ်ချုပ်ရာထူးကနေ စွန့်ခွာတော့မယ့် အလားအလာရှိနေတဲ့ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေ ရှိနေပြီလို့ ပြောဆိုလာပါတယ်။

နေပြည်တော်မှာ မတ် ၁၃ ရက်နေ့က စတင်ပြီး နှစ်ရက်တာ ကျင်းပတဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှာ စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

စစ်ပွဲတိုင်း ဒါမှမဟုတ် လက်နက်ကိုင် ပဋိပက္ခတိုင်းဟာ နိုင်ငံရေးနဲ့ ကင်းလွတ်တာ မဟုတ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာကြရမှာဖြစ်ပြီး ဒီကနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီလို့ ဆိုပါတယ်။

အရင်က မပြောနိုင်တဲ့ ကိစ္စတွေ၊ မပြောရဲတဲ့ကိစ္စတွေကို ပြောရဲဆိုရဲ ပြောနိုင်ဆိုနိုင် ရှိလာကြပြီဖြစ်သလို အရင်က မမျှော်လင့်ရဲတာတွေ မျှော်လင့်နိုင်သလို အရင်က မမက်ရဲခဲ့တဲ့ အိပ်မက်တွေကိုတောင် မက်ခွင့်ရနေပြီလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တနည်းအားဖြင့် ကမ္ဘာ့နိုင်ငံအားလုံးနီးပါး မျက်နှာမူရာဖြစ်နေတဲ့ ဒီမိုကရေစီစနစ်ကို စနစ်တကျ ပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံရေးအသစ်၊ ယဉ်ကျေးမှုအသစ်တွေကို ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ နိုင်ငံသားအားလုံး လိုလားတဲ့ ဒီမိုကရေစီစနစ်ကို စတင် အသက်သွင်းနိုင်ခဲ့သလို အခုတစ်ဖန် အရေးကြီးတဲ့ နိုင်ငံရေးအလှည့်အပြောင်းကြီး တစ်ခုကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပြီလို့ သူက ပြောကြားခဲ့တာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ် မြေပြင်အချက်အလက်တွေအရ စစ်ခေါင်းဆောင်ပြောသလို ဟုတ်မနေဘဲ လက်တွေ့ ကြုံနေရတာနဲ့ တခြားစီ ဖြစ်နေတာကြောင့် ဆိုးဝါးတဲ့ နိုင်ငံရေးဖြစ်စဉ် ရှိနေဦးမယ်လို့ ပြောပါတယ်။

“အခုကတော့ အာဏာမသိမ်းခင် မတိုင်ခင်က နိုင်ငံရေးအခြေအနေဖြစ်အောင် ပြန်သွားလို့တောင် မရဘူး။ အဲဒီအခြေအနေတောင် မရောက်သေးတဲ့ အဖြစ်မျိုး ဖြစ်နေတယ်။ တစ်ကမ္ဘာလုံး သိတယ် အာဏာသိမ်းခဲ့လို့ စစ်ဘောင်ကျယ်သွားတယ်။ တစ်နိုင်ငံလုံး စစ်ပွဲတွေ ဖြစ်တယ်။ ကုန်ဈေးနှုန်း ကြီးမြင့်နေတယ်။ နောက်ပြီး စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပကို တရားဝင်ရော တရားမဝင်ရော စုပြုံပြီး ထွက်ခွာသွားကြတယ်။ ပညာရှင်တွေ မရှိတော့ဘူး။ ဒီလိုအခြေအနေတွေက နိုင်ငံတစ်ခုရဲ့ ကျဆုံးတဲ့ အချက်အလက်တွေ ဖြစ်တယ်။ဒါတွေကိုမှ မဖြည့်ဆည်းနိုင်ရင် ပါးစပ်က ဘာပဲပြောပြော အပြောပဲဖြစ်နေမယ်။ တကယ့်လက်တွေ့ကတော့ ဆိုးဝါးပြင်းထန်တဲ့ နိုင်ငံရေးဖြစ်စဉ် နိုင်ငံရေးပတ်ဝန်းကျင်က ရှိနေဦးမှာပဲ၊ Fail State (ကျရှုံးနိုင်ငံ) ဖြစ်နေဦးမှာပါ”လို့ ဆိုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ဒီကနေ့တိုင် ဆိတ်သုဉ်းသွားခဲ့ရတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို ပြည်သူလူထုက ပြန်လည်ခံစားနိုင်စွမ်းမရှိတော့ဘဲ စစ်အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဖိနှိပ်မှုပေါင်းစုံကို ရင်ဆိုင်နေကြရတာပါ။

အချက်အလက်တွေအရ ဒီမိုကရေစီရဲ့ စံနှုန်းဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စစ်တပ်က ဥပဒေတွေ ဒစ်ဂျစ်တယ်ဖိနှိပ်မှုတွေနဲ့ စောင့်ကြည့်ကန့်သတ်ထားသလို ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေမှာလည်း ပိတ်ပင်တားမြစ်တာတွေ ရှိနေပါတယ်။

တစ်ဘက်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထောင်နဲ့ချီ ထိခိုက်သေဆုံးတာတွေလည်း ဆက်လက်ဖြစ်ပွားနေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ မတ် ၁၃ ရက်နေ့အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် သေဆုံးသူ ၇၈၉၀ နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၆၃၀ ကျော်ရှိတဲ့ထဲက ၂၂၄၄၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီထဲက ၁၁၂၉၀ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတာပါ။

စစ်ကော်မရှင်အနေနဲ့ ငါးနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ကျော်ကို ပြန်လွှတ်ပေးတာနဲ့ အမှုရုပ်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးအမှုတွေကနေ လွတ်ငြိမ်းသက်သာခွင့်ရသူ ၂၄ ဒသမ ၉ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ISP-Myanmar က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တစ်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအများအပြားကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်လို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးအရ အဖြေရှာမှုတွေမှာ အခက်ကြုံနေဦးမယ်လို့ ထောက်ပြထားတာပါ။

လာမယ့် ရက်ပိုင်းမှာတော့ စစ်တပ်ရဲ့ အသွင်ပြောင်းစစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အနိုင်ရကိုယ်စားလှယ်တွေကို သက်ဆိုင်ရာလွှတ်တော်အစည်းအဝေးတွေ ခေါ်ယူဖို့ ရှိနေပါတယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို မတ် ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တာပါ။

ဒါဟာ မကြာခင် သမ္မတရွေးချယ်ပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ ပြင်ဆင်နေချိန်မှာ စစ်ခေါင်းဆောင်က သူတာဝန်ယူခဲ့တဲ့ ကာလအတွင်း လုပ်ဆောင်ချက်တွေကို ပြန်လည်ပြောဆိုနေတာက တပ်ချုပ်ရာထူးကနေ အနားယူတော့မယ့် အရိပ်အယောင်လို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။

စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း သင်္ကြန်မတိုင်ခင် မြန်မာနိုင်ငံမှာ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ တပ်ချုပ် အပါအဝင် အရေးကြီးတဲ့ ရာထူးတွေ ခန့်အပ်ပြီး အစိုးရသစ် ဖွဲ့စည်းမယ့်အကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဖူးခက်မှာ အလွတ်သဘောတွေ့ဆုံမှုအတွင်း ပြောကြားထားတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ခေါင်းဆောင်အနေနဲ့ တပ်ချုပ်ရာထူးကနေ အနားယူတော့မယ့် အနေအထားမျိုးမို့ သမ္မတ လုပ်မလား အတိုင်ပင်ခံကောင်စီ ဥက္ကဌ လုပ်မလားဆိုတာ တစ်ခုခုကို ရွေးရတော့မယ်လို့ ပြောပါတယ်။

“သူ တပ်ချုပ်က‌နေ လုံးဝ အနားယူတော့မယ့် အနေအထားမျိုးဆိုတာ သေချာတယ်လို့ ပြောလို့ရပါပြီ။ဒါ သူ တပ်တွင်းနှုတ်ဆက်ပွဲလုပ်တဲ့ အနေအထားပါပဲ။ သမ္မတ လုပ်မလား အတိုင်ပင်ခံကောင်စီ ဥက္ကဌ လုပ်မလား ဒီနှစ်ခုထဲက တစ်ခုပဲ ရှိတော့မယ်။ အဲဒီမှာ သူနှုတ်ဆက်ခဲ့တဲ့ အထဲမှာ ဒုတပ်ချုပ် (စိုးဝင်း) ကိုလည်း ၁၅ နှစ်လုံးလုံး လက်တွဲပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်ဆိုတဲ့ အချက်ကလေးက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒုတပ်ချုပ်အပါအဝင် စစ်တပ်တစ်ခုလုံးကို နှုတ်ဆက်သွားတယ်လို့တော့ သဘောရတယ်”လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပုဂ္ဂိုလ်တစ်ဦးတည်းက ရာထူးနှစ်ခုစလုံးကို တပြိုင်နက်တည်း ထမ်းဆောင်နိုင်ခွင့် မရှိပါဘူး။ ဒါကြောင့် စစ်ခေါင်းဆောင်အနေနဲ့ တပ်ချုပ်ရာထူးကနေ စွန့်ခွာမယ်ဆိုရင် နိုင်ငံရေးအာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ဖို့ သမ္မတလုပ်မယ့် အလားလာ ပိုရှိနေတာပါ။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ပြဌာန်းထားတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေအရ နိုင်ငံတော် သမ္မတဖြစ်လာမယ့်သူဟာ အဖွဲ့ဝင် ၅ ဦးထက်မနည်းပါတဲ့ အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းပေးရမှာဖြစ်သလို ကောင်စီဝင်တွေကို သတ်မှတ်ပေးရမှာပါ။

အတိုင်ပင်ခံကောင်စီဟာ အစိုးရနဲ့ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကို အကြံပေးညှိနှိုင်းတာတွေ လုပ်မှာဖြစ်ပေမယ့် ကောင်စီဥက္ကဌနဲ့ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်တွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ရမယ်ဆိုတာ အဲဒီဥပဒေမှာ သတ်မှတ်ထားတာ မရှိသေးပါဘူး။

ဒါကြောင့် အင်္ဂါစဉ်အရ နံပါတ်တစ်ဖြစ်တဲ့ သမ္မတကနေ သတ်မှတ်ဖွဲ့စည်းပေးမယ့် အတိုင်ပင်ခံကောင်စီဥက္ကဌဟာ နံပါတ်နှစ် ဖြစ်လာမှာမို့ အဲဒီရာထူးကို သမ္မတ ကိုယ်တိုင် ရယူနိုင်ခွင့်ရှိတဲ့ အနေအထားလို့ သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ နိုင်ငံရေးအစိုးရတွေအနေနဲ့ ရွေးချယ်တင်မြှောက်ခံရသူတွေဖြစ်ပြီး သတ်မှတ်ကာလအလိုက် ပြောင်းလဲနေပေမယ့် စစ်တပ်အနေနဲ့ အစိုးရတွေလိုမျိုး ပြောင်းလဲမှာ မဟုတ်ဘဲ လက်ဆင့်ကမ်းတာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ခြင်းလို့ ဆိုပါတယ်။

စစ်တပ်အနေနဲ့ ဒို့တာဝန်အရေးသုံးပါး အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိတယ်လို့ သူက တပ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၅ နှစ်တာ ပြန်လည်သုံးသပ်ဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.