ထားဝယ်၊ မတ် ၁၄
ထိုင်း-မြန်မာနယ်စပ် တနင်္သာတိုင်း ထားဝယ်ခရိုင် မေတ္တာမြို့အနီးရှိ KNU ရဲ့ နယ်စပ်ဂိတ်စခန်းငယ်တစ်ခုကို KTLA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်ထံကနေ သိရပါတယ်။
ဗိုလ်စောအယ်ခွီး(ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေဟာ မတ်လ ၁၃ ရက်နေ့ မနက် ၆ နာရီအချိန်လောက်က အင်အား ၇ ဦးသာ ရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဗောဓိနယ်စပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာပါ။

အဲဒီစီးနင်းအတွင်း အင်အားမမျှတာကြောင့် KNU တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့ ဗောဓိနယ်စပ်ဂိတ်စခန်းကို ဗိုလ်စောအယ်ခွီး(ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံကတော့ ဒီဖြစ်စဉ်ဟာ ဗောဓိနယ်စပ်ဂိတ်စခန်းမှာ အင်အား အနည်းငယ်သာ ချထားတဲ့အပေါ်မှာ အခွင့်အကောင်းယူပြီး အလစ်ငိုက် တိုက်ခိုက်သွားတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဗိုလ်စောအယ်ခွီး(ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ဟာ ကရင်အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်အောင် ဖန်တီးနေတာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။

KTLA တပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးသွားတဲ့ ဗောဓိနယ်စပ်ဂိတ်စခန်းကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။
ဗိုလ်စောအယ်ခွီး(ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဘန်းချောင်းကျေးရွာမှာ KNLA တပ်ရင်း ၁၂ က ရဲဘော် တစ်ဦးနဲ့ KNU မြို့နယ်လုပ်သား လူငယ် တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
ကော်သူးလေတပ်မတော် KTLA ကို KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ကော်သူးလေအစိုးရအဖြစ်လည်း ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

