ဘေဂျင်း မတ် ၁၃
တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ကို သွားမယ့် ပထမဆုံးခရီးသည်တင်ရထားဟာ မတ် ၁၂ ရက်မှာ ထွက်ခွာခဲ့ပြီး၊ ဒါဟာ ၆ နှစ်အတွင်း ပထမဆုံး ပြန်လည်ပြေးဆွဲမှုလည်း ဖြစ်ပါတယ်။ တရုတ်ကတော့ နယ်စပ်ဖြတ်သန်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေကို အားကောင်းအောင်လုပ်ပြီး အိမ်နီးချင်းနိုင်ငံ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။
K27 လို့ ခေါ်တဲ့ ဒီရထားက ဘေဂျင်းကနေ စတင်ကာ၂၄ နာရီ ၄၁ မိနစ်ခန့် မောင်းနှင်ရမှာဖြစ်ပြီး ဘိုဟိုင်းပင်လယ် မြောက်ဘက်ကို လှည့်ပတ်သွားမှာ ဖြစ်ပါတယ်။ လမ်းမှာ ဒန်ဒုံမြို့မှာလည်း ရပ်နားမှာ ဖြစ်ပြီး မတ် ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၇ မိနစ်မှာ ပြုံးယမ်းမြို့ကို ရောက်မယ်လို့ တရုတ်ရထားလမ်းဌာနက ပြောပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ တရုတ်နဲ့ မြောက်ကိုရီးယားဟာ “မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတွေ” ဖြစ်ပြီး အခုလို နယ်စပ်ဖြတ်သန်း ခရီးသည်တင်ရထားပြေးဆွဲတာက ပြည်သူအချင်းချင်း ဆက်ဆံရေး ပိုကောင်းလာစေမယ်လို့ ပြောပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား ဆက်သွယ်ရေး ပိုကောင်းလာအောင် တရုတ်ဘက်ကလည်း ထောက်ခံနေတယ်လို့ ဆိုပါတယ်။
ဒီရထားပြေးဆွဲမှုကိုတော့ ကိုဗစ်ကပ်ရောဂါ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပွားပြီးနောက် ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကတော့ နိုင်ငံခြားခရီးသွားတွေကို ဝင်ခွင့်မပေးသေးဘဲ တခါတရံရုရှားခရီးသွားအဖွဲ့တွေကိုသာ ကန့်သတ်ချက်နဲ့ ခွင့်ပြုတာတွေ ရှိတယ်လို့ ခရီးသွားကုမ္ပဏီတွေက ပြောပါတယ်။
ဘေဂျင်းနဲ့ ပြုံးယမ်းကို ချိတ်ဆက်တဲ့ ဒီရထားကို တစ်ပတ် ၄ ရက် ပြေးဆွဲမှာဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ စနေနေ့တွေမှာ နှစ်ဘက်လုံး သွားလာမယ်လို့ တရုတ်ရထားလမ်းဌာနက ထုတ်ပြန်ထားပါတယ်။
လက်မှတ်တွေကိုတော့ စီးပွားရေးဗီဇာ ရှိသူတွေကိုပဲ ကန့်သတ်ရောင်းချ ထားပြီး မတ် ၁၂ ခရီးစဉ်အတွက် လက်မှတ်တွေက အကုန် ရောင်းခဲ့ရတယ်လို့ ဘေဂျင်းရှိ ခရီးသွားအေဂျင်စီတစ်ခုက ပြောပါတယ်။ ဒါပေမယ့် မတ် ၁၈ ရက်နေ့ ခရီးစဉ်အတွက် လက်မှတ်တွေတော့ ရှိသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒုံဒန်း-ပြုံးယမ်း လမ်းကြောင်းကိုတော့ နေ့တိုင်း ပြေးဆွဲမှာ ဖြစ်ပါတယ်။
ကိုဗစ်ကာလအတွင်းမှာ နယ်စပ်ဖြတ်သန်း လေယာဉ်ခရီးစဉ်တွေလည်း ရပ်နားထားခဲ့ပါတယ်။ အခုတော့ မြောက်ကိုရီးယား အစိုးရပိုင် လေကြောင်းလိုင်း Air Koryo က ၂၀၂၃ ခုနှစ်မှာ တရုတ်ကို ပြန်လည်ပျံသန်းမှု စတင်ခဲ့ပြီး လက်ရှိမှာ ဘေဂျင်းနဲ့ ပြုံးယမ်းကြား တစ်ပတ် ၂ ကြိမ် ပျံသန်းနေတယ်လို့ သိရပါတယ်။
Ref:Bangkokpost

