မော်စကို၊ မတ် ၁၀

အီရန် စစ်ပွဲ၊ ယူကရိန်း ငြိမ်းချမ်းရေး အလားအလာနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ မတ် ၉ ရက်မှာ ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။

အီရန် စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းက ရေနံ တစ်လီတာတောင် ဒေသ အပြင်ဖက်သို့ မထွက်စေရဘူးလို့ အီရန်က ပြောကြားထားချိန်မှာ ထရန့်က ရုရှား ရေနံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကို ဖြေလျှော့ရေး ချိန်ထိုးစဉ်းစားနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့စွမ်းအင် ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေး အန္တရာယ်ရှိနေပြီ ဖြစ်ကြောင်း ကရင်မလင် ခေါင်းဆောင် ပူတင်က သတိပေးပြီးနောက် ထရန့်နဲ့ ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့ ရေနံဈေး အကြီးမားဆုံး မြင့်တက်သွားခဲ့ပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားလိုက်ပြီးနောက် ပင်လယ်ကွေ့ နိုင်ငံတွေက ရေနံ ထုတ်လုပ်မှု လျှော့ချထားပါတယ်။

ပူတင်က အီရန် စစ်ပွဲ အလျင်မြန်ဆုံး အဆုံးသတ်ရေး ရုရှားရဲ့ အစီအစဉ်တွေ၊ ယူကရိန်းရှိ စစ်ရေး အခြေအနေနဲ့ ဗင်နီဇွဲလားကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်အပေါ် ရိုက်ခတ်မှုတွေနဲ့ ပတ်သက်လို့ ထရန့်နဲ့ ဆွေးနွေးခဲ့တယ်လို့ ကရင်မလင် နန်းတော်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံး ရေနံ တင်ပို့တဲ့ ရုရှားဟာ သဘာဝဓာတ်ငွေလည်း အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ရုရှားက ဥရောပအနေနဲ့ ကာလကြာပူးပေါင်းဆောင်ရွက်မှု ပြန်လုပ်မယ်ဆိုရင် ထပ်ပြီး လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

ကမ္ဘာ့ စွမ်းအင် ဈေးကွက်တွေ ပရမ်းပတာ ဖြစ်နေချိန်မှာ ထရန့်ရဲ့ အမေရိကန်အစိုးရက ရုရှား ရေနံတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ စဉ်းစားနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်က ရုရှားရေနံတွေ ပြန်လည် ဝယ်ယူရေး အိန္ဒိယကို ပြန်လည် ခွင့်ပြုခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.