ဖာပွန်၊ မတ် ၁၁

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ရှိ ကျေးရွာတွေအပေါ် စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲချတာကြောင့် ကလေးငယ်အပါအဝင် အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုနဲ့ ကရင်အရပ်ဖက်အဖွဲ့တွေဆီကနေ သိရပါတယ်။

မတ်လ ၉ ရက်နေ့က စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဖာပွန်ခရိုင် လူသောမြို့နယ် တေးမူဒဲကျေးရွာအုပ်စုရှိ တေးမူဒဲကျေးရွာ၊ တဒါးတဲကျေးရွာ၊ တအိုဒဲကျေးရွာနဲ့ တခေါ်တိုဘောကျေးရွာတွေထဲကို ဗုံးလေးလုံး ကြဲချသွားတာ ဖြစ်ပါတယ်။

အဲဒီဗုံးကြဲမှုအတွင်း အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးနဲ့ သက်ကြီးပိုင်းတစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုနဲ့ ကရင်အရပ်ဖက်အဖွဲ့ KPSN ကနေ သိရပါတယ်။

အဲဒီကျေးရွာတွေအပေါ် စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲချမှုမှာ ဘုရားကျောင်းနှစ်ကျောင်း၊ အိမ် ၁၁ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

မတ်လ ၈ ရက်နေ့ကလည်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မယ်ကော်လော်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၇ ရက်နေ့မှာလည်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် နော့ဝီထကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံရွာသားတွေ ထိခိုက်တာမရှိပေမယ့် ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ အိမ်တွေ ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ဗျူဟာမှာ ဗျူဟာမကျရေးအတွက် စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ အသည်းအသန်ခုခံတိုက်ခိုက်နေရပြီး ကမမောင်းမြို့ကနေ မြေပြင်စစ်ကြောင်းထိုးလာပေမယ့် ရှေ့ဆက်မတိုးနိုင်သေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

KNU ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ၈ ကြိမ်၊ လေယာဉ် ဂျက်ဖိုက်တာနဲ့ ၂၁ ကြိမ်၊ လက်နက်ကြီးတွေနဲ့ ပြည်သူနေထိုင်ရာ ရပ်ရွာလုပ်ငန်းခွင်တွေထဲ ပစ်ခတ်ခဲ့ရာ ပြည်သူ တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ ၅ အပြင် ညောင်းလေပင်ခရိုင် တပ်မဟာ ၃၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ ၄ နယ်မြေတွေမှာလည်း စစ်ကော်မရှင်တပ်ရဲ့ လေယာဉ်၊ ဒရုန်းဗုံးကျဲချတိုက်ခိုက်ခဲ့မှုတွေကြောင့် အရပ်သားဆယ်ချီ သေဆုံးခဲ့ပြီး ဒါဟာ ရွေးကောက်ပွဲအလွန်ကာလမှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီး ကျူးလွန်နေတယ်လို့ KNU က ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.