မော်လမြိုင်၊ မတ် ၇
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ စောင့်ကြည်ခံရမှုတွေ ဆက်လက်ကြုံတွေ့နေရတယ်လို့ Justice Network For Political Prisoners – JNPP ထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ စစ်ကော်မရှင်ရဲ့ အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ညဘက်တွေမှာ ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာပါ။
တစ်ဖက်မှာလည်း စစ်ကော်မရှင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပေမယ် လွတ်မြောက်လာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ နေရပ်လိပ်စာတွေ ရယူထားပြီး ဆက်လက်စောင့်ကြည့်တွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်လျော့ပေါ့ပေးတယ်လို့ ကြေညာထားပေမယ့် ရဲစန်းရောက်မှ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ၅၀၅ (က)နဲ့ ပြန်လည်ဖမ်းဆီးတာတွေ ရှိတယ်လို့ JNPP တာဝန်ခံ မယုမိစံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အခြားလူတွေနဲ့ တန်းတူ လွတ်လွတ်လပ်လပ် မနေရဘဲ ပိတ်ပင်တားဆီးမှုတွေ ရင်ဆိုင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားအများစုဟာ အကျဉ်းထောင်က လွတ်မြောက်ခဲ့ပေမယ့် စစ်ကြောရေးမှာ ကြုံတွေခဲ့ရတဲ့ အကြမ်းဖက်မှုမျိုးစုံနဲ့ ဖိနှိပ်မှုတွေအပြင် လွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း စောင့်ကြည့်ခံရမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ စိတ်မလုံခြုံမှုတွေကို ဆက်လက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၃၃၇ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ မတ်လ ၄ ရက်နေ့အထိ အချက်အလက်တွေအရ နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၃၉ ခုက နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄၄၀၀ ကျော်သာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

