မော်လမြိုင်၊ မတ် ၅

မွန်ပြည်နယ်ရဲ့ စက်သုံးဆီခြိုးခြံချွေတာရေး အစီအစဉ်အရ မော်တော်ယာဉ်အလိုက် စက်သုံးဆီ ရောင်းချရမယ့် နှုန်းထား သတ်မှတ်လိုက်တယ်လို့ ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

အဲဒီကြေညာချက်အရ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ တစ်ရက်လျှင် ဆိုင်ကယ် တစ်စီး ကျပ် ၅,၀၀၀ ဖိုး၊ သုံးဘီ/အိုးဝေ ကျပ် ၁၀,၀၀၀ ဖိုး၊ အိမ်စီးကား ကျပ် ၃၀,၀၀၀ ဖိုး၊ ခရီးတင်ယာဉ်နဲ့ကုန်တင်ယာဉ် ကျပ် တစ်သိန်းဖိုး၊ ပရီမီယံဒီဇယ်ကား ကျပ် ၄၀,၀၀၀ ဖိုး သတ်မှတ်ထားပါတယ်။

စက်သုံးဆီ ရောင်းချရာမှာ စက်သုံးဆီဆိုင်တွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ ရောင်းချရာမှာ ဖြစ်ပြီး ပုံးတွေ၊ ပေပါတွေနဲ့ ရောင်းချတာတွေ လုံးဝ မလုပ်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်နေ့ကစလို့ စက်သုံးဆီဆိုင်တွေအနေနဲ့ စုံ ရက်တွေမှာ စုံနံပါတ်ပါတဲ့ ယာဉ်၊ မ ရက်တွေမှာ မ နံပါတ်ပါတဲ့ ယာဉ်တွေကိုသာ ရောင်းချကြဖို့ ညွှန်ကြားထားပါတယ်။

ဖုန်းတာဝါတိုင်နဲ့အခြားလုပ်ငန်းသုံးတွေကို ရောင်းချမယ်ဆိုပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ စိစစ်ထောက်ခံချက်နဲ့သာ ရောင်းချဖို့နဲ့ ဈေးတင်ရောင်းချတာ မလုပ်ဖို့ အသိပေးထားပါတယ်။

ဒါပေမယ့် သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ အငှားယာဉ်တွေ၊ စက်သုံးဆီ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်၊နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေကို နေ့စဉ် ရောင်းချပေးရမယ်လို့ ညွှန်ကြားထားတာပါ။

ပြည်နယ်စစ်ကော်မရှင်ဘက်ကတော့ အခုလို ကြေညာချက် ထုတ်ပြန်ရတာဟာ အရှေ့အလယ်ပိုင်းဒေသရှိ စစ်ပွဲတွေကြောင့် လောင်စာဆီ တင်သွင်းရာမှာ ပိတ်ဆို့ဟန့်တားမှုတွေ ရှိနေတဲ့အတွက် စက်သုံးဆီ ပြတ်လပ်မှု မရှိရေး လုပ်ဆောင်ရတာလို့ ဆိုထားပါတယ်။

စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ရောင်းချမှု ကန့်သတ်ချက်အပါအဝင် မော်တော်ယာဉ် မောင်းနှင်းမှု ကန့်သတ်ချက်တွေကြောင့် ပြည်သူတွေဟာ စက်သုံးဆီ ပြတ်လပ်မှာကို စိုးရိမ်တဲ့အတွက် နေ့စဉ်နဲ့အမျှ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီး အလုအယက် ဝယ်ယူနေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.