ဝါရှင်တန်၊ မတ် ၄

အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာနေတဲ့ စွမ်းအင်ထောက်ပံ့မှု တားဆီးရေး ကြိုးပမ်းမှုတွေကို ကာကွယ်ဖို့ လိုအပ်လာရင် အရှေ့အလယ်ပိုင်းရှိ သင်္ဘောတွေကို အမေရိကန် ရေတပ်က ကာကွယ်ပေးသွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

ကမ္ဘာကြီးရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံ တစ်ပုံဟာ အီရန်နဲ့ ယူအေအီးကြားရှိ ကျဉ်းမြောင်းတဲ့ ဟောမု့ဇ် ရေလမ်းကြောင်းကို ဖြတ်သန်း ပို့ဆောင်နေတာ ဖြစ်ပါတယ်။

အီရန်က ဟောမု့ဇ် ရေလမ်းကြောင်းကို ပိတ်ထားပြီး ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘောတွေကို မီးလောင်တိုက် သွင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပြီးနောက် သင်္ဘောတွေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေ လုံးဝနီးနီး ရပ်တန့်သွားခဲ့ရတာပါ။

ကမ္ဘာမှာ စွမ်းအင်များ လွတ်လပ်စွာ စီးဆင်းနိုင်စေရေး ဒေသတွင်းရှိ သင်္ဘောလုပ်ငန်း အားလုံးအတွက် အင်မတန် သင့်တော်တဲ့ ဈေးနှုန်းနဲ့ အန္တရာယ် အာမခံတွေ အမေရိကန် အစိုးရက စီမံပေးသွားမယ်လို့ ထရန့်က ပြောပါတယ်။

အဲဒီလို အာမခံတွေ ထုတ်ပေးပေမယ့်လည်း သင်္ဘော ကုမ္ပဏီတွေ ရေနံကုမ္ပဏီတွေရဲ့ စိုးရိမ်မှုတွေ လျော့မသွားနိုင်ဘူးလို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေ မြင့်တက်လာနေပြီး မိသားစုတွေရဲ့ ကုန်ဈေးနှုန်းတွေအပေါ် သက်ရောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကမ္ဘာတဝှမ်းမှာထွက်ပေါ်နေချိန် ထရန့်က အခုလိုမျိုး ပြောဆိုလာတာပါ။

အီရန် စစ်တပ်က ဒေသတွင်းရှိ သင်္ဘော တချို့ကို တိုက်ခိုက်ပြီး ဟောမု့ဇ် ရေလက်ကြားက ဖြတ်သွားတဲ့ သင်္ဘော မှန်သမျှကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒေသတွင်းရှိ သင်္ဘောတွေအတွက် အာမခံကြေးတွေကို အာမခံ ကုမ္ပဏီ တချို့က တိုးမြှင့်ထားပြီး ဖြစ်ပါတယ်။

လောလောဆယ်မှာ ရေနံစိမ်းနဲ့တခြား ဆက်စပ် ထုတ်ကုန်တွေ တင်ဆောင်ထားတဲ့ သင်္ဘော အစီး ၂၀၀ လောက် အရှေ့အလယ်ပိုင်း ဒေသမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

ထရန့်ကတော့ ဒေသတွင်းရှိ သင်္ဘောတွေကို ကာကွယ်ပေးဖို့ လိုအပ်လာရင် အမေရိကန် စစ်သင်္ဘောတွေက ချက်ချင်း စောင့်ကြပ် ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ထရန့်က အဲဒီလို ကြေညာအပြီးမှာ ရေနံဈေးနှုန်း ပြန်ကျသွားပြီး စွမ်းအင် ပြဿနာတွေကို ဖြေရှင်းရေး အမေရိကန် စွမ်းအင်ဝန်ကြီးနဲ့ အစည်းအဝေးထိုင်ဖို့ ရှိနေပါတယ်။

မကြာသေးခင်နှစ်တွေက ပင်လယ်နီကနေ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ယီမင်နိုင်ငံရှိ အီရန် မဟာမိတ် ဟူသီအဖွဲ့က တိုက်ခိုက်ချိန် အမေရိကန် စစ်တပ်က ကြားဝင် ဖြေရှင်း ပေးခဲ့ပေမယ့် သင်္ဘောတွေဟာ တခြားလမ်းကြောင်းတွေကနေ အဝေးကြီး ခုတ်မောင်းခဲ့ရတာကြောင့် ကုန်ကျစရိတ် မြင့်တက်ခဲ့တဲ့ အချက်ကို ကျွမ်းကျင်သူတွေက ထောက်ပြထား ပါတယ်။

အီရန် စစ်ပွဲ အချိန်ပိုကြာလာရင် ကမ္ဘာ့ ရေနံစိမ်းဈေး တစ်စည်ကို ဒေါ်လာ ၁၀၀ အထက် မြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.