ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇
ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း စတင်မယ့် အမေရိကန်နဲ့ အီရန်ကြား နျူကလီးယား ဆွေးနွေးမှုတွေမှာ တိုက်ရိုက်မဟုတ်ဘဲ ပါဝင်သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရယူလိုတယ်လို့ ယုံကြည်ကြောင်း ထရန့်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အီရန် နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ဆက်လက် ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေ၊ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အီရန် အာဏာပိုင်တွေက အကြမ်းဖက်မှုတွေ အမေရိကန်က စစ်ရေးအရ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီးနောက် ဒုတိယအကျော့ ဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပဖို့ ရှိနေပါတယ်။
နျူကလီးယား ကိစ္စနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ သဘောထားဟာ ပိုပြီး လက်တွေ့ဆန်လာပြီလို့ ယုံကြည်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အိုမန်နိုင်ငံရဲ့ စေ့စပ်ပေးမှုနဲ့ ကျင်းပမယ့် ဖေဖော်ဝါရီ ၁၇ ရက် ဆွေးနွေးပွဲမှာ နျူကလီးယား စီမံကိန်းနဲ့ အီရန်အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေး အဓိက ဆွေးနွေးမှာ ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။
အမေရိကန်က အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်လို အခြားကိစ္စတွေကိုလည်း ဆွေးနွေးလိုကြောင်း အရင်က ပြောထားပါတယ်။
ဒီအတောအတွင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက အီရန်အနေနဲ့ သန့်စင်ထားပြီးသား ယူရေနီယံ အားလုံးကို စွန့်လွှတ်ရမှာ ဖြစ်ပြီး နောက်ထပ် မထုတ်ရဘူးလို့ ပြောဆိုထား ပါတယ်။
အမေရိကန်က အီရန်အနီးမှာ လေယာဉ်တင် သင်္ဘော နှစ်စီးနဲ့ တခြား သင်္ဘောတွေချထားပြီးနောက် အခုလို ဆွေးနွေးမယ့် အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်က စစ်အင်အားတိုးမြှင့်ချထားချိန် အီရန်ကလည်း ဟောမု့ဇ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အီရန်အနေနဲ့ သဘောတူညီမှု တစ်ရပ် မရယူနိုင်ခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လိုလားမှာ မဟုတ်ဘူးလို့ ထရန့်က ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် အိုမန်နိုင်ငံမှာ ပထမဆုံး ဆွေးနွေးခဲ့ကြပြီး ယခု ဂျီနီဗာမှာ ဆွေးနွေးမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း အီရန် နိုင်ငံခြားရေးဝန်ကြီးလည်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့ အကြီးအကဲနဲ့ တွေ့ဆုံထားပါတယ်။
Ref:BBC

